ICJ စီရင်ချက်ကို နိုင်ငံတကာက လက်တွေ့ အရေးယူဆောင်ရွက်ရန် NUG တောင်းဆို
(006SV)
မြန်မာသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာလူမျိုးများကို လူမျိုးသုဉ်း သတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အတည်ပြုစီရင်ချက် ချမှတ်ခဲ့မှုကို ကြိုဆိုကြောင်း CHRO နှင့် ချင်းအရပ်ဘက်အဖွဲ့ အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၁၉ ဖွဲ့ က ကြေညာသည်။
လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးအရေးယူမှုဆိုင်ရာ သဘောတူစာချုပ်နှင့် ပတ်သက်သော ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုသည့်အမှုတွင် ICJ က ချမှတ်လိုက်သော အမှုစီရင်ချက်ကို ကြိုဆိုလက်ခံပါကြောင်း အဆိုပါအဖွဲ့များက စုပေါင်း၍ နိုဝင်ဘာလ ၁၉ ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာများအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများမှတစ်ဆင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ချိုးဖောက်၍ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ တရားရုံး က ချမှတ်ခဲ့ခြင်းဖြစ်သည်။
“တရားမျှတမှုအတွက် တိုက်ပွဲ ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပြီး ဤအမှုစီရင်ချက်ကို ယခု အကောင်အထည် ဖော်ရမည်” ဟု မြန်မာအရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က တောင်းဆိုသည်။
အဆိုပါ တောင်းဆိုသော မြန်မာအရပ်ဖက်အဖွဲ့အစည်းများတွင် ချင်းအရပ်ဖက်အဖွဲ့အစည်းများဖြစ်သော Chin Human Rights Organization (CHRO) ၊ Chin Community of Auckland ၊ Auckland Zomi Committee ၊ Kuki Women’s Human Rights Organization နှင့် India of Myanmar စသော အဖွဲ့များ ပါဝင်သည်ဟု သိရသည်။
မြန်မာကို ICJ တရားရုံးက အယူခံဝင်ခွင့်မရှိသော စီရင်ချက်များတွင် ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ မိမိတို့၏ တာဝန်ရှိမှုများနှင့် သတ်ဖြတ်မှု ကျူးလွန်မှုများကို တားဆီးရန် ချိုးဖောက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူအဖြစ် သံသယရှိသူ အားလုံးကို ချက်ချင်းနှင့် ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများအတွက် ပြန်လည်ကုစားမှုနှင့် လျော်ကြေးပေးမည်ဖြစ်ကြောင်း စီရင်ချက်အပါအဝင် ၁၃ ချက်ကို ချမှတ်ခဲ့သည်ဟု သိရသည်။
NUG အစိုးရကလည်း ICJ ၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် စီရင်ချက်ကို လေးစား၊ အသိအမှတ်ပြုပြီး ရိုဟင်ဂျာ ပြည်သူများ အနေဖြင့် တရားမျှတမှု၊ နိုင်ငံသားဖြစ်ခွင့်၊ တန်းတူညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာတို့ကို အပြည့်အဝခံစားနိုင်ရင်း နိုင်ငံ၏ အနာဂါတ်တွင် တန်းတူညီမျှစွာ ပါဝင်ခွင့်ရရှိမည်ဟု နိုဝင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည်။
ICJ သည် ၎င်း၏ စီရင်ချက်ကို ချမှတ်ခဲ့ပြီးဖြစ်၍ ယခုအခါ နိုင်ငံတကာ အသိုင်းအဝန်းအပါအဝင် သက်ဆိုင်သူ အားလုံးအနေဖြင့် လက်တွေ့အရေးယူဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း NUG က တောင်းဆိုလိုက်သည်။
ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ရေး ကြိုးပမ်းမှုများနှင့်အတူ နိုင်ငံတဝန်းရှိ အရပ်သား ပြည်သူများအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးအတွက် တစ်ပြိုက်နက်တည်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း NUG က ထုတ်ပြန်သည်။
“ချင်း၊ ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနှင့် အခြားဒေသများရှိ ပြည်သူလူထုသည် လေကြောင်းတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အတင်းအကျပ် နေရပ်စွန့်ခွာထွက်ပြေးရမှုများကို ယနေ့တိုင် ဆက်လက်ကြုံတွေ့ခံစားနေရပါသည်” ဟု NUG က ဆိုသည်။
မြန်မာစစ်တပ်၏ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်းကြောင်း ICJ ၏ စီရင်ချက်ကို ကြိုဆိုပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များက ကြေညာထားသည်။
မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ စီရင်ချက်ကို လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားရှိပြီး ပြစ်မှုကျူးလွန်သူများက အရေးယူမှု မခံရဘဲ ကင်းလွတ်နေမှုကို ရပ်တည်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောသည်။
ICJ တရားရုံး၏ စီရင်ချက် ထွက်ပေါ်လာပြီးနောက် ဗြိတိန်နိုင်ငံသည် မြန်မာစစ်တပ်၏ စစ်သံအရာရှိကို နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးထားပြီး မြန်မာစစ်အာဏာပိုင်များကို ပိတ်ဆို့အရေးယူမှုများ ထပ်မံတိုးမြှင့်သွားမည်ဟု သိရသည်။

