ပြည်နယ် နှင့် တိုင်းဒေသများမှာ ပုံနှိပ်စက်ထားပေးရန် တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံမှ တောင်းဆို

0

???????????????????????????????

တိုင်းရင်းသားသတင်းမီဒီယာများအတွက် သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရေး ပိုမိုလွယ်ကူရန်အတွက် ပြည်နယ် နှင့် တိုင်းဒေသများတွင် သတင်းစာပုံနှိပ်စက်များထားရှိပေးရန် သက်ဆိုင်ရာ အစိုးရအသီးသီးကို တတိယအကြိမ် တိုင်းရင်း မီဒီယာ ညီလာခံက တောင်းဆိုလိုက်သည်။

မတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ချင်းပြည်နယ် ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပပြုလုပ်သော တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံတွင် တိုင်းရင်းသားသတင်းမီဒီယာများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ် နှင့် တိုင်း ဒေသကြီးအစိုးရအသီသီးက ၎င်းတို့ဒေသတွင် ပုံနှိပ်စက်များထားရှိပြီး ဈေးနှုန်းချိုသာစွာ သုံးခွင့်ပေးရန် ကြေညာချက် တရပ်ထုတ်ပြန်ကာ တိုင်းရင်းညီလာခံမှ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

တိုင်းရင်းသားသတင်းမီဒီယာများသည် ၎င်းတို့ပြည်နယ်များတွင် ပုံနှိပ်စက်များမရှိသည့်အတွက်ကြောင့် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးတွင်သာ သတင်းစာ၊ ဂျာနယ်များကို ပုံနှိပ်ထုတ်ဝေနေရသည့်အတွက် ငွေရေးကြေးရေး၊ သယ်ယူပို့ဆောင် ရေးပိုင်းတွင် အခက်ကြုံနေကြရသည်ဟု တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ လည်းဖြစ် ခိုနူမ်းသုန်သတင်းဌာန၏ အယ်ဒီတာချူပ် ဇလပ်ထက်နီကပြောသည်။

ထို့ကြောင့် တိုင်းရင်းသားသတင်းမီဒီယာများ၏ အခက်အခဲကို တဖက်တလမ်းမှ ဖြေရှင်းကူညီသည့်အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့ပြည်နယ်တွင် ပုံနှိပ်စက်များကို ထားရှိပေရန် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ကိုဇလပ်ထက်နီကပြောသည်။

“ ကျနော်တို့ ချင်းမီဒီယာတွေဟာ ပုံနှိပ်သတင်းထုတ်တဲ့နေရာမှာ ပြည်မကိုသာ အားကိုးနေရတော့ယင် သယ်ယူပို့ ဆောင်ရေးမှာ ကြန့်ကြာတယ်၊ တခါတခါ လမ်းခရီးမှာ သောင်တင်နေတာတွေနဲ့ ကြုံရတော့ သတင်းက မလတ်ဆတ် တော့ဘူးပေါ့၊ ဒီလိုဖြစ်ဖန်များလာတော့လဲ စာဖတ်ပရိတ်သတ်တွေဖက်က ကိုယ့်သတင်းကို မယူချင်တော့ဘူး၊ ချင်းတောင် မှာသာ ပုံနှိပ်စက်တွေရှိယင် အဲဒါတွေအားလုံး ကျော်လွှားနိုင်မယ်ပေါ့’’ ဟု သူကပြောသည်။

ထို့အပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအနဖြင့် တိုင်ရင်းသားသတင်းသမားများ သတင်းရယူသည့်အခါတွင် ခွဲခြားဆက်ဆံ မှုမျိုးမလုပ်ရန်လည်း တိုင်းရင်းမီဒီယာညီလာခံကတောင်းဆိုထားသည်။

“ ဥပမာအနေနဲ့ပြောမယ်ဆိုရင် ၆၇ နှစ်ချင်းအမျိုးသားနေ့တုန်းက သမ္မတ ဦးသိန်းစိန်လာတယ်၊ အဲဒီအချိန်မှာ အစိုးရမီဒီ ယာတွေကတော့ လွတ်လွတ်လပ်လပ် သတင်းယူလို့ရကြတယ်၊ ကျနော်တို့ ဒေသခံ ချင်းမီဒီယာသမားတွေကတော့ ပြည်နယ်ရဲမှူးထံကို အရင်ခွင့်တောင်းရတယ်၊ အဲဒါက မီဒီယာသတင်းတွေအပေါ် အစိုးရရဲ့တကယ့်ခွဲခြားဆက်ဆံမှုဖြစ် ပါတယ်၊ ဒီလိုမျိုးခွဲခြားဆက်ဆံမှုကို မရှိသင့်တော့ပါဘူး’’ ဟု ဇလပ်ထက်နီကပြောသည်။

တိုင်းရင်းမီဒီယာများဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုံနှိပ်မီဒီယာများကို မြှင့်တင်နိုင်ရန် ဥပဒေပါရပိုင်ခွင့်အတိုင်း လုပ်ငန်းစတင် ထူထောင်လည်ပတ်ခါစ(၅)နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ပြုရန်ကိုလည်း တိုင်းရင်းမီဒီယာညီလာခံက ပြည်ထောင်စုအစိုး ရထံ တောင်းဆိုထားသည်။

အလားတူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကိုလည်း တိုင်းရင်းသားမီဒီယာသမားများ စာနယ်ဇင်းကောင်စီအဖွဲ့တွင် အချိုးကျပါဝင်ခွင့်ရရှိရေးဆောင်ရွက်ပေးရန် နှင့် တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်တွဲဆောင်ရွက် သွားရန် တိုက်တွန်းကြောင်း ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားသတင်းမီဒီယာများ ဖွံ့ဖြိုးအားကောင်းလာစေရေးအတွက်ရည်ရွယ်ကာ ၂၀၁၃ ခုနှစ်မှစတင် ပြီး တိုင်းရင်းမီဒီယာညီလာခံကို BNI နှင့် သက်ဆိုင်ရာ ဒေသခံသတင်းမီဒီယာအဖွဲ့များမှ ဦးဆောင်ပြီး နှစ်စဉ်ကျင်းပ လာခဲ့ရာ ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်တွင် မွန်ပြည် နယ် မော်လမြိုင်မြို့၊ ဒုတိယ ညီလာခံကို ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့ တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

BNI သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးအားကောင်းလာစေရေးရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသတင်းစုရပ်ကြီးတစ်ခုဖြစ်ပြီး BNI တွင် Khonumthung Chin News၊ Chin World၊ Narinjara၊ Mizzima၊ Shan Herald၊ Kachin News Group၊ Independent Mon News Agency၊ News Media Group၊ Shwehintha ၊ Karen Information Center၊ Kantarawaddy Times၊ Thanlwin Times စသည့် တိုင်းရင်းသတင်းအဖွဲ့တို့ပါဝင်သည်။

Share.

About Author

Leave A Reply

*

code