By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အောက်သဲမ၀အုပ်စု၊ ကျောက်ဖျာရွာနှင့် ဆင်အိုးဝကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်(AA) တပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၃၀၀ ကျော်တို့သည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်ဖျာကျေးရွာမှ အိမ်ခြေ ၄၆၊ လူဦးရေ ၂၄၀ နှင့် ဆင်အိုးဝကျေးရွာမှ အိမ်ခြေ ၃၄ လူဦးရေ ၁၄၀ စုစုပေါင်း လူဦးရေ ၃၈၃ တို့သည် အောက်သဲမ၀ကျေးရွာသို့ ယနေ့ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ထံမှ သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ အောက်သဲမ၀ကျေးရွာဥက္ကဌက “ညနေပိုင်း ၄ နာရီလောက်က ရောက်လာကြတယ် ဒါပေမယ့် သူတို့ရွာကို ပစ္စည်းတွေသိမ်းဖို့ပြန်သွားကြတယ်၊ တိုက်ပွဲဆက်ဖြစ်ပြီး စိုးရိမ်ရရင်တော့ သူတို့ပြန်လာကြမယ်ပြောတယ်” ဟု ပြောသည်။
ကျောက်ဖျာရွာနှင့် ဆင်အိုးဝကျေးရွာသည် ကုလားတန်မြစ်တဖက်ကမ်းတွင်တည်ပြီး အောက်သဲမ၀ကျေးရွာနှင့် စက်လှေဖြင့် ၅ မိနစ်ခန့်သွားရသည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်နှင့် ဆိုင်ကယ်ဖြင့် တစ်နာကျော်ကျော်သွားရသည်ဟု သိရသည်။