Salai Vakok
မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ ချင်းတော်လှန်ရေးအင်အားစုတွေ နှစ်ရှည်လများ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွေဟာ စစ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးကြာမှာ အခွင့်အလမ်းကောင်းတွေနဲ့ ပို၍ လမ်းပွင့်သွားပါတယ်။
ချင်းတော်လှန်ရေး အင်အားစုတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို ရရှိဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်နေမှုမှ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်တွင်းပြည်ပရဲ့ တရားဝင်မှု ရရှိရေးကို ကြိုးစားလာခြင်းလည်းဖြစ်ပါတယ်။
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ချင်းလဲန်းကောင်စီ ဖြစ်ပေါ်လာဖို့ ချင်းတော်လှန်ရေးအင်အားစုတွေ နှစ်ပေါင်းများစွာကတည်းက ကြိုးစားနေကြတာပါ။
CNF ၊ CDFs နဲ့ ချင်းလွတ်တော်ကိုယ်စားလှယ်တချိုု့က ၊ အခု ပြဌာန်းလိုက်တဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၅ ကျော်မှာ ပထမဦးဆုံး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တယ်ဆိုတဲ့ ဝိသေသဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးနဲ့ စစ်ရေးအရ ဟန်ချက်ညီညီပေါင်းစပ် တိုက်ပွဲဝင်နိုင်ဖို့ စုစည်းပေမယ့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ကောင်စီဟာ လက်ရှိမှာ ချင်းတော်လှန်ရေးအင်အားစုတွေကို ကွဲပြဲစေဖို့ ဖြစ်ပေါ်လာနေပါတယ်။
– ချင်းလဲန်းကောင်စီ (CC) ဘာလုပ်နေလဲ
CNF/CAN၊ CDFs (၁၄) ဖွဲ့နဲ ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့က ပြဌာန်းအတည်ပြုထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အတူ ချင်းလဲန်းကောင်စီ (CC) ဟာ ကောင်စီဖွဲ့ပြီး ရက်ပေါင်း (၅၀) ခန့်ကြာမှာ ချင်းပြည်အစိုးရယန္တရားတွေမှာ တာဝန်ထမ်း ဆောင်မယ့်သူတွေကို အခုသီတင်းပတ်ထဲ အပြီးသတ် ရွေးချယ်နေပါတယ်။
CNF/CNA ဌာနချုပ်၊ ချင်းလုံးမြို့မှာ ဇန်နဝါရီလ ၂၃ ရက်က Government of Chinland ရဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ရင်းစစ်ချုပ် ရာထူးနေရာတွေနဲ့ Supreme Court of Chinland ရဲ့ တရားသူကြီးချုပ်၊ တရားသူကြီး ရာထူးနေရာတွေကို အစုအဖွဲ့အသီးသီးက ပေးပို့တဲ့ အဆိုပြုစာရင်းတွေနဲ့ ညှိနှိုင်းရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။
Government of Chinland ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းနိုင်ရေးနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း CNF/CNA နဲ့ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတွေ ဇန်နဝါရီလ ၁၆ ရက် တွေ့ဆုံဆွေးနွေးပါတယ်။
“ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ချင်းပြည်ရဲ့ဥပဒေပြုရေးကိစ္စ၊ ပြီးတော့ အစိုးရဖွဲ့စည်းရေးကိစ္စ၊ တရားစီရင်ရေးကိစ္စကို ရက်ပေါင်း (၆၀) အတွင်း အကောင်ထည်ဖော်ရမယ်ဆိုတဲ့ဟာကို အတိအလင်း ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် ရက်ပေါင်း (၆၀) အတွင်း လာမယ့်ဖေဖော်ဝါရီလအတွင်းမှာတော့ အပြီးသတ် ပေါ်လာလိမ့်မယ်လို့ ကျွန်တော်တို့က အဲ့သလို အစီအစဥ်ချထားတယ်”လို့ ချင်းလဲန်းကောင်စီတွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ခေါ်နုသုန်းကို ဇန်နဝါရီလ ပထမပတ်က သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကောင်စီကို ၂၀၂၃ ဒီဇင်ဘာလ ၆ ရက်တွင် ပြဌာန်းတာဖြစ်လို့ အခုလာမယ့် ဖေဖော်ဝါရီလ ၃ ရက်မှာ ရက်ပေါင်း ၆၀ ပြည့်ပါတော့မယ်။ ဒါကြောင့် ဒီရက်တစ်ပတ်အတွင်းမှာ အစိုးရဖွဲ့စည်းမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ချင်းလဲန်းကောင်စီရဲ့ အခုလို အစိုးရဖွဲ့စည်းမှုတွေဟာ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၀) ပုဒ်မ ၉၆ အရ “ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုသည့် နေ့မှစ၍ ချင်းလဲန်းကောင်စီသည် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ – ICNCC နှင့် ၎င်း၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူသည်ဟု မှတ်ယူရမည်” ဆိုတဲ့ ပြဌာန်းချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
– ICNCC ရဲ့ သဘောထားနဲ့ ဘာတွေလုပ်နေလဲ
၎င်းရဲ့ လုပ်ငန်းတာဝန်တွေကို မည်သည့်ပုဂ္ဂိုလ်/ ကောင်စီ/ အဖွဲ့အစည်းကမှ ဖျက်သိမ်းပိုင်ခွင့် လုံးဝ မရှိကြောင်း၊ မည်သည့်ပုဂ္ဂိုလ်/ ကောင်စီ/ အဖွဲ့အစည်းကိုမှ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ICNCC က ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ – ICNCC ဟာ ချင်းပြည်နယ် ကိုယ်စားပြု ပြည်နယ်အတိုင်ပင်ခံကောင်စီအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ဆိုပါတယ်။
ICNCC ရဲ့ လုပ်ပိုင်ခွင့်အရ ချင်းပြည်နယ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားများကို လိုအပ်သလို ဖွဲ့စည်းသွားဖို့ ပြင်ဆင်နေကြပါတယ်။
လက်ရှိမှာ ပြုပြင်ပြောင်းလဲရေးကော်မတီကို ဖွဲ့စည်းထားပြီး တစ်မြို့နယ်ချင်းစီက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ Chin Charter ကို ပြန်လေ့လာကာ ICNCC ရဲ့ စုဖွဲ့မှု၊ ဦးဆောင်မှုနဲ့ တာဝန်ယူမှု ပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတယ်လို့ ICNCC အလှည့်ကျသဘာပတိ ဒေါက်တာ ကင်တန်လင်းက ပြောပါတယ်။
ထပ်မံထည့်သွင်းတဲ့ မြို့နယ်နဲ့ ဒေသတွေက ကိုယ်စားလှယ်တွေ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တွေအပါအဝင် လွှတ်တော်ကိုယ် စားလှယ်တွေ၊ နိုင်ငံတကာရောက် ချင်းအမျိုးသားတွေနဲ့ Chin CDMer တွေစတဲ့ အစုအဖွဲ့ ငါးခုက ပါဝင်ပါတယ်။
“ကောင်စီဝင်တွေ ပါဝင်မှုကိုကြည့်ရင် ချင်းပြည်ရဲ့ မြို့နယ်အားလုံးက ကိုယ်စားလှယ်တွေ ပါဝင်နေပါတယ်။ မြို့နယ်အဆင့် တက်တက်ကြွကြွပါဝင်မှုပိုင်းဆိုရင် (၆) မြို့နယ်က မြို့နယ်အဆင့်ကနေ ပါဝင်လျက်ရှိပါတယ်။ နိုင်ငံတကာရောက် ချင်းအမျိုး သားများ၊ Chin CDMer များ ပိုပြီးပါဝင်လာနိုင်အောင် ကြိုးစားဖော်ဆောင်နေပါတယ်” လို့ ဒေါက်တာကင်တန်လင်းက ပြောပါတယ်။
ICNCC မှာ ကော်မတီအသစ် တချို့ကိုလည်း ထပ်မံဖွဲ့စည်းထားသလို ချင်းကာကွယ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းလည်ပတ်မှုကိုလည်း ကြိုးစားဖော်ဆောင်နေကြပါတယ်။ လုပ်ဆောင်စရာတွေကို လုပ်နေတယ်လို့ သူက ပြောပါတယ်။
“ဒီကော်မတီ (ချင်းကာကွယ်ရေးကော်မတီ) ဟာဆိုရင် No group left behind ပေါ်လစီရှိနေတဲ့ အခါကျတော့ တော်လှန်ရေး တိုက်ပွဲဝင် နေတဲ့ ဘယ်အဖွဲ့မဆို လက်ခံပြီး ပူးပေါင်းဖို့ တံခါးဖွင့်ထားပါတယ်” လို့ ဒေါက်တာကင်တန်လင်းက ပြောပါတယ်။
CC နဲ့ ICNCC မှာ မပါဝင်သေးတဲ့ ကြားနေတဲ့ ချင်းတော်လှန်ရေးအင်အားစုတချို့လည်း ရှိနေပြီး တချို့အဖွဲ့က ဘယ်အဖွဲ့နဲ့ ပူးပေါင်းမလဲ ညီလာခံခေါ်ယူ ဆုံးဖြတ်ကြဖို့ ရှိသလို၊ တချို့အဖွဲ့တွေမှာ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေကြပါတယ်။
– ချင်းညီနောင်က CC မှာ ဘာကြောင့် မပါဝင်သလဲ၊ သဘောထားဘယ်လိုရှိသလဲ
ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ချင်းတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားနဲ့ အရပ်သား အုပ်ချုပ်မှု စံနှုန်းတွေကို လျစ်လျူရှုပြီး အာဏာရှင်ဆန်တဲ့ ချင်းပြည်အစိုးရသစ် တစ်ခုကို အလျင်စလို တည်ထောင်ဖို့ ကြိုးစားနေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
ICNCC ရဲ့ တရားဝင်မှုကို ရယူဖို့ ကြိုးစားခြင်း၊ စင်ပြိုင်ကောင်စီ တည်ထောင်ခြင်းတို့ဟာ “အပြင်ကနေ ကွက်ကျော်ရိုက်လိုက်ပြီး ဖြစ်လာတဲ့ ဟာမျိုး” လို့ CNO/CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်က ပြောပါတယ်။
ချင်းညီနောင်က CC မှာ မပါဝင်ရတဲ့ အကြောင်း၊ အချက် (၆) ချက်နဲ့ ပြောပါတယ်။ တစ်အချက်က NUG နဲ့ CNF နှစ်ဖက် သဘောတူညီချက်ကို ဖောက်ဖျက်ပြီး CNFရဲ့ နိုင်ငံရေး အကျိုးအမြတ်ကို ဦးတည်ကာ ICNCC မှ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ နုတ်ထွက်ခြင်းဖြစ်ပါတယ်။
ဒုတိယအချက်မှာ ချင်းလွှတ်တော်ကိုယ်စားတွေ၊ မြို့နယ်ကိုယ်စားပြု ချင်းညီနောင်အဖွဲ့နဲ့ တချို့ဒေသကိုယ်စားပြုအဖွဲ့တွေ တက်ရောက်ခြင်းမရှိတဲ့ ညီလာခံကနေ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရက်အနည်းငယ်အတွင်း အတည်ပြုမှုဖြစ်ပါတယ်။
တတိယအချက်မှာ ကာကွယ်ရေးကဏ္ဏအပါအဝင် ချင်းပြည်အစိုးရယန္တရားတစ်ခုလုံးကို ဖွဲ့စည်းရမယ့် ချင်းပြည်ကောင်စီမှာ ဦးရေအချိုးအစား လွန်ကဲစွာ ရယူထားခြင်းဖြစ်ပါတယ်။ ဒါက မြန်မာစစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆင်တူနေတယ်လို့ ချင်းညီနောင်က မြင်ပါတယ်။
စတုတ္တအချက်မှာ ချင်းအမျိုးသားအလံအဖြစ် CNF အဖွဲ့ရဲ့ အလံကို သတ်မှတ်ခြင်းဟာ အဖွဲ့အစည်းတစ်ခုရဲ့ အလံဖြစ်တဲ့အတွက် သဘောမတူခြင်းဖြစ်ပါတယ်။
ပဥ္စမအချက်မှာ CNF/CNA ဟာ မြို့နယ်နဲ့ ဒေသအဖွဲ့တွေရဲ့ နယ်မြေတွေအတွင်းမှာ သူတို့ရဲ့ သဘောတူညီမှု မရှိဘဲ စစ်ရေး တည်ဆောက်ခြင်း၊ စည်းလုံးနေတဲ့ မြို့နယ်နဲ့ ဒေသအဖွဲ့တွေကို သပ်လျှိုသွေးခွဲကာ စည်လုံးမှုပျက်စေဖို့ မက်လုံးပေး စည်းရုံးခြင်းတို့ဖြစ်ပါတယ်။
နောက်ဆုံးအချက်မှာ ချင်းလဲန်းကောင်စီမှာ မပါတဲ့ ချင်းအင်အားစုတွေကို အမြစ်ပြတ်ချေမှုန်း သွားမယ်လို့ စတင်ခြိမ်းခြောက်ခြင်း ဖြစ်ပြီး ဒါက ချင်းအင်အားစုတွေ အချင်းချင်းကြားမှာ ယုံကြည်မှုကို ပိုဆိုးဝါးစေတယ်လို့ ချင်းညီနောင်အဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းညီနောင်က တရားမျှတမှု၊ တန်းတူညီမျှမှု၊ ယုံကြည်မှု တည်ဆောင်ပြီးတဲ့ အခြေအနေတွေမှာ ပါဝင်မယ်လို့ CNC- Mindat/ CDF- Mindatမှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ချင်းညီနောင်အဖွဲ့ရဲ့ သတင်စာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပဋိပက္ခကို ကြေလည်အောင် ဖြေရှင်းချင်တယ်။ ဒီထက်ပိုအရေးကြီးတာက မင်းတပ် ရသမျှ၊ ဟားခါးရမယ်၊ ဟားခါး ရသမျှ ဖလမ်းရမယ်၊ ဖလမ်းရသမျှ ကန်ပက်လက် ရမယ်ဆိုတဲ့ ပုံစံမျိုး။ ကျနော်တို့ ဘယ်သူအထက်မှ ပိုမရချင်ဘူး။ ဘယ်သူ အောက်မှလည်း လျော့ မရချင်ဘူး။ ညီအစ်ကိုတွေပဲ ဖြစ်တဲ့အတွက်ကြောင့် တန်းတူညီတူ မျှမျှတတ ရချင်တာပါ။ အဲလိုအခြေအနေ မရှိတဲ့အတွက်လည်း ပါဝင်ဖို့ ခက်နေတာပါ။ တန််တူရေးတူ ရှိတယ်၊ မျှမျှ တတ ဖြစ်တယ်ဆိုရင် ယုံကြည်မှုလည်း တည်ဆောက်နိုင်တယ်ဆိုရင် အချိန် မရွေးပါဝင်ဖို့ မနက်ဖြန်၊ တဘက်ခါ ပါဝင်ဖို့ Ready ပါပဲ” လို့ ကိုယောမာန်က ပြောပါတယ်။
ချင်းလဲန်းဖွဲ့စည်းပုံမှာ CNF/CNA ဟာ ချင်းပြည်ရဲ့ တစ်ခုတည်းသော အမျိုးသားတပ်မတော်လို့ ပြဌာန်းထားတဲ့အတွက် ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့ တခြားလက်နက်ကိုင်အဖွဲ့ရဲ့ လက်အောက်ကို မဝင်ချင်ဘူးလို့ ZFU/ PDF Zoland မှတာဝန်ရှိသူ ကိုရောဘတ်က ပြောပါတယ်။
“ဆွေးနွေးညှိနှိုင်းမူမျိုးတော့ လိုချင်တယ်။ ဒါပေမဲ့ သူတို့မှာပါတဲ့ မူဝါဒမှာ တချို့ အချက်တွေက ကျနော်တို့နဲ့ အဆင်မပြေဘူး။ အဲဒါတွေ မရှိတော့ရင်၊ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ရင်တော့ တမျိုးပေါ့။ အဲလိုဆိုရင်တော့ ဆွေးနွေးလိုတယ်” လို့ ကိုရောဘတ်က ပြောပါတယ်။
– Chin Civic Movement လှုပ်ရှားမှုးနဲ့ ချင်းလူထုရဲ့ စိုးရိမ်မှု
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်မှာ ယှဉ်ပြိုင်ကောင်စီနဲ့ ယှဉ်ပြိုင်အစိုးရကို မြင်တွေ့ ရမယ့် အခင်းအကျင်းဖြစ်ပါတယ်။
ချင်းတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ ချမှတ်ရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ ချင်းလူထုရဲ့ အမြင်သဘောထားတွေကို ထည့်သွင်းစဉ်းစားပေးဖို့နဲ့ ချင်းအမျိုးသားအချင်းချင်းကြား သွေးမကွဲစေရေး “တွေ့ဆုံညှိနှိုင်း” အဖြေရှာကြဖို့ Chin Civic Movement လှုပ်ရှားမှုကနေ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေပါတယ်။
“လမ်းကြောင်းကတော့ သူတို့မှာရှိကြမယ်လို့ ယူဆပါတယ်။ ချင်းအတွက်ဆိုရင် ကျနော်တို့က လာရာ မတူကြပေမယ့် လားရာ တော့ တူကြမယ်ထင်ပါတယ်။ အစိုးရဖြစ်တာ ကောင်စီဖြစ်တာ အရမ်းအရေးကြီးသလား၊ စုစည်းညီညွတ်ဖို့က အရမ်းအရေးကြီးသလားဆိုတဲ့ အယူအဆမျိုးကို အဓိကနဲ့ သာမည စဉ်းစားပြီးတော့ လုပ်ကြစေချင်ပါတယ်” Chin Civic Movement မှ ပြောရေးဆိုခွင့်ရှိသူ ကိုအယ်ဒီက ပြောပါတယ်။
Chin Civic Movement မှာ ချင်းပြည်တွင်းပြည်ပအဖွဲ့အစည်း ၃၉ ဖွဲ့နဲ့ ချင်းလူပုဂ္ဂိုလ် ၅၅၀ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုနေတာပါ။
ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ အကွဲအပြဲဟာ ချင်းလူထုရဲ့ နိုင်ငံရေးဦးဆောင်မှုကို ဝေဝါးစေခြင်း၊ ချင်းလူထုရဲ့ အသက်အိုးအိမ်တွေနဲ့ စည်းလုံးမှုကို ပြိုကွဲစေခြင်းနဲ့ လက်ရှိ တော်လှန်ရေးကို ပိုမိုကြန့်ကြာစေ တယ်လို့ ဆိုပါတယ်။
“အစိုးရနှစ်ရပ်ကို ဘယ်ပြည်သူကမှ မလိုချင်ဘူး။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကိုပဲ ကြည့်ကြည့်၊ ကျောင်းမတက်ပဲ သုံးနှစ်လောက် နေရတဲ့ ကလေးငယ်တွေကိုပဲ ကြည့်ကြည့်၊ ကြားထဲမှာ ဆေးဝါးတွေ မရလို့ ဆုံးသွားတဲ့ လူတွေကိုပဲ ကြည့်ကြည့် ဒုက္ခရောက်နေကြတဲ့ လူတွေ အရမ်းများတယ်။ ဒီလို ဒုက္ခရောက် နေတဲ့ အချိန်မှာ ဝေးဝါးစေမယ့် ဂိုဏ်းဂဏ ကွဲတာမျိုး ဘယ်သူမှ မလိုလာဘူး။ အဲဒါကြောင့် ကောင်စီနှစ်ရပ် ပေါ်လာတာကို ထားလိုက်ကြရအောင်၊ အစိုးရ နှစ်ရပ်ပေါ်လာမယ့် အခင်းအကျင်းမျိုး လုံးဝတော့ မရောက်စေချင်ဘူး။ အဲလို မရောက်ဖို့လည်း ဝိုင်းတွန်းကြပါ။ ဝိုင်းတားပေးကြပါ။ အချင်းချင်းကြားထဲက ညှိနှိုင်းနိုင်မှုကိုပဲ နံပါတ်ဝမ်းထားပေးပါ။ အဲဒါဆိုရင် မညှိနှိုင်းနိုင်စရာ မရှိဘူး” လို့ မရိုလင်းဇာဟောင်းက ပြောပါတယ်။
ချင်းအမျိုးသမီးဖြစ်တဲ့ မရိုလင်းဇာဟောင်းဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဟားဗတ်တက္ကသိုလ်မှာ ဥပဒေပညာ မာစတာဘွဲ့ကိုရရှိထားသူတစ်ဦးဖြစ်ပါတယ်။
“ညှိနှိုင်းကြပါ၊ အခုလာမယ့် ကမ်းလှမ်းထားတဲ့ တွေ့ဆုံမှုတွေကိုလည်း မဖြစ်မနေ အဖြေရှာတဲ့ ပုံစံမျိုးနဲ့ စဉ်းစားပေးကြပါ” လို့ ချင်းအရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူတွေက တလေသံထဲ တောင်းဆိုနေကြပါတယ်။
ချင်းလဲန်းကောင်စီမှာ မပါဝင်သေးတဲ့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းမယ့် အစီအစဉ်တွေ ရှိတယ်လို့ ချင်းလဲန်းကောင်စီက တာဝန်ရှိသူတွေကလည်း မကြာခဏပြောပါတယ်။
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဟာ အပြစ်ကိုယ်စီ တင်နေကြမယ့်အစား တရားမျှတမှု၊ တန်းတူညီမျှမှုတွေအောက်မှာ ဘယ်လိုမျိုး ဆုံမှတ်ရှာနိုင်မလဲ၊ ဘယ်လိုမျိုး ယုံကြည်မှု ပြန်တည်ဆောက်ကြမလဲဆိုတာ ကျနော်တို့ ဆွေးနွေး တိုင်ပင်ကြဖို့ဖြစ်တယ်လို့ ချင်းညီနောင်တာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းလဲန်းကောင်စီနဲ့ CNF ဘက်က ချင်းလဲန်းဖွဲ့စည်းပုံကို ပြင်ဆင်ပေးနိုင်ရင်၊ သူတို့မကြိုက်တဲ့ အချက်တွေကို ဖြေလျော့ပေးနိုင်ရင် ပါဝင်ဖို့ အဆင်သင့်ပဲလို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
“ဟိုကောင်စီ ဒီကောင်စီဆိုတာထက်၊ ကျနော်တို့ ဘယ်လိုဆုံမှတ် ပြန်ရှာကြမလဲ၊ အဖွဲ့အစည်းအပေါ် အခြေမခံဘဲနဲ့ Justice၊ Equality၊ fairness၊ liberty စတဲ့ သဘောသဘာဝတွေမှာ ဘယ်လိုမျိုး ပြန်လည် အလျော့အတင်း လုပ်ကြမလဲဆိုတဲ့ ပုံစံမျိုး ဖြစ်မှာပါ။ ကျနော်တို့ အချင်းချင်းကြား ညှိနှိုင်းကြဖို့ ဖြစ်မှာပါ။ စားပွဲဝိုင်းပေါ်မှာပဲ ဆွေးနွေး အဖြေရှာကြဖို့ ဖြစ်မှာပါ” လို့ ချင်းညီနောင်အဖွဲ့မှ ကိုယောမာန်က ပြောပါတယ်။
ဘုံသဘောတူညီချက်တွေ ပြန်ရှာနိုင်ဖို့ မျှော်လင့်သလို အဲဒီအတွက်လည်း ချင်းညီနောင်အဖွဲ့က ပြင်ဆင်ထားမှုတွေရှိတယ်လို့ ပြောပါတယ်။
– ချင်းအင်အားစုတွေ ဆုံမှတ် ရှာမတွေ့ရင် ချင်းပြည်အနာဂါတ် ဘာဖြစ်မလဲ၊
CC၊ CNF နဲ့ ICNCC၊ ချင်းညီနောင်တို့ရဲ့ ပွတ်တိုက်မှုတွေ ဒီ့အတိုင်း ဆက်သွားရင် ချင်းပြည်နယ်ရဲ့ အခု မြင်နေရတဲ့ ပုံစံနဲ့ အနေအထားမျိုး မဟုတ်တော့ဘဲ တမျိုးတဖုံ ပြောင်းလဲသွားမယ့် အလားအလာရှိတယ်လို့ Chin Civic Movement မှ ဆရာမလော်ရာက ပြောပါတယ်။
NUG၊ NUCC နဲ့ ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း ချင်းပြည်ကိုယ်စားပြုမှုအနေနဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းက ဖြစ်ပေါ်လာမယ့် တိုင်းနဲ့ ပြည်နယ်အခြေပြုအစိုးရတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရာတွင် ခက်ခဲမှုတွေ ရှိလာနိုင်ပြီး အိန္ဒိယအာဏာပိုင်တွေနဲ့ ဆက်သွယ်ရာတွင်လည်း ချင်းတော်လှန်ရေးအင်အားစုတွေကို ခက်ခဲစေပါတယ်လို့ ချင်းအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတွေက ပြောပါတယ်။
အထူးသဖြင့် ချင်းပြည်နယ်အတွင်း ကျန်းမာရေးနဲ့ ပညာရေးအပါအဝင် လူသားချင်စာနာမူအကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဆက်သွယ်ဆောင်ရွက်ဖို့ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲစေပါတယ်။
ယှဉ်ပြိုင်နှစ်ဖက်စလုံးမှ အားကောင်းအောင် ကြိုးစားလာလေလေ၊ နှစ်ဖက်စလုံး ပိုအားကောင်းလာလေလေ ချင်းလူထုအတွက် အန္တရာယ် များလာလေလေဖြစ်တယ်လို့ ချင်းအရပ်ဖက်တာဝန်ရှိသူတွေက ထောက်ပြပါတယ်။
နောက်ဆုံး ခံရမယ့်သူတွေဟာ ချင်းပြည်သူတွေပဲဖြစ်ပါတယ်လို့ သူတို့က ပြောပါတယ်။
တဖက်မှာလည်း လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းသွားလိမ့်မယ်လို့ ထောက်ပြကြပါတယ်။
CC၊ CNF က ချင်းလက်နက်ကိုင်အဖွဲ့တွေကို ချင်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွန်ကြားမှု အောက်ကနေ သွားဖို့ ပြင်ဆင်နေသလို ICNCC၊ ချင်းညီနောင်တို့ကလည်း ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။
သာဓကအဖြစ် ဇန်နဝါရီလ ၁၆ ရက်က သိုင်းငင်းစစ်စခန်းသိမ်းတိုက်ပွဲဖြစ်ပါတယ်။ သိုင်းငင်းစခန်းသိမ်း တိုက်ပွဲကို ချင်းလဲန်းကောင်စီ အောက်ကနေ ချင်းကာကွယ်ရေးတပ်တွေဖြစ်တဲ့ CNA အပါအဝင် ချင်းကာကွယ်ရေး အဖွဲ့ (၉) ဖွဲ့က စုပေါင်းတိုက်ခိုက်တယ်လို့ CDF CDM Siyin က သတင်းထုတ်ပြန်ပါတယ်။
သိုင်းငင်းစခန်းတိုက်ပွဲ ငါးကြိမ်းမှာ ၃ ကြိမ်တိုင်တိုင် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တဲ့ CNO/CNDF အဖွဲ့ဟာ နောက်ဆုံးအကြိမ်စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်လာခြင်း မတွေ့ရတော့ပါဘူး။
– တစ်ပတ်ကျော်သာ အချိန်ရှိတော့တဲ့ တွေ့ဆုံနိုင်မှု အလားအလာ
ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ အစိုးရမဖွဲ့ကြမှီ တွေ့ဆုံဆွေးနွေးကြဖို့ အင်မတန်မှ အရေးကြီးနေပြီး၊ အစိုးရဖွဲ့ပြီးနောက် ဘောင်ကန့်သတ်လိုက်မှ တွေ့ဆုံဆွေးနွေးမှုတွေက ပိုခက်ခဲစေတယ်လို့ မရိုလင်းဇာဟောင်းက ပြောပါတယ်။
“အစိုးရကို အတန်းမဖွဲ့နဲ့ ချင်းလဲန်းကောင်စီကို တရွက်မတိုက်နဲ့လို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ အစိုးရ မဖွဲ့ခင်မှာ ကျနော်တို့ နှစ်ဖက်က အမြန်ဆုံး တွေ့ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ ဘက်ကလည်း အမြဲတမ်းအဆင်သင့်ရှိပါတယ်။ CC ဘက်ကလည်း သေချာပြင်ဆင်ပြီး ဘယ်လို အကောင်းဆုံးသွားမလဲဆိုတာကို ကျနော်တို့ ညှိဖို့လိုတယ်။ သူတို့ အစိုးရ မဖွဲ့ခင် ကျနော်တို့နဲ့ ညှိဖို့ လိုပါတယ်။ အစိုးရဖွဲ့ပြီးမှ ညှိရင်တော့ တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်”လို့ ICNCC သဘာပတိအဖွဲ့ဝင် Salai Thang Kee က Zalen Talk Show မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် အတည်ပြုထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ရက်ပေါင်း ၆၀ အတွင်း အစိုးရအဖွဲ့ကို ဖွဲ့စည်းရမယ်လို့ ပြဌာန်းထားပြီး သတ်မှတ်ရက်ပြည့်ဖို့ တစ်ပတ်ဝန်းကျင်သာ လိုပါတော့တယ်။
ခိုနူမ်းသုန်သတင်းဌာနက မေးမြန်းတဲ့ ဟားခါးဒေသခံတစ်ဦးကတော့ လက်ရှိချင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်၊ ချင်းပြည်မှာ အားလုံးစည်းစည်းလုံးလုံးဆိုတဲ့ ခေါင်းစဉ်က မလွယ်တဲ့ကိစ္စလို့ ပြောပါတယ်။
မင်းတပ်မြိုခံတစ်ဦးက ချင်းလူမျိုးဟာ လူဦးရေ နည်းတဲ့အထဲ ကွဲပြားမှု များလွန်ရင် ဘာတော်လှန်ရေးပဲ လုပ်လုပ်၊ မစည်းလုံးရင် မအောင်မြင်ဘူး။ ချင်းလဲန်းကောင်စီမှာ အားလုံးစည်းလုံးညီညွတ်စွာနဲ့ ချင်းအမျိုးသားတို့ရဲ့ အနာဂါတ်ကို ဆွေးနွေးစေချင်တယ်လို့ ပြောပါတယ်။………….။