By Lalnun – မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တောတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံရသည့် ကချင် လူငယ်ခေါင်းဆောင် (၃) ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့ချူပ် (Central Chin Youth Organization) က တောင်းဆိုလိုက်သည်။
ကချင်လူငယ်ခေါင်းဆောင် (၃) ဦးဖြစ်သည့် ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူနှင့် ကိုဇော်ဂျတ်တို့သည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြှောက်ရေးတပ်မတော်အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ၂၀၁၈ခုနှစ်၊ ဧပြီ (၃၀) ရက်မှ မေလ (၈) ရက်အတွင်း ပိတ်မိပြည်သူများ လွတ်မြှောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုကြောင့် တပ်မတော်အား အသရေဖျက်သည်ဟုဆိုကာ ပုဒ်မ (၅၀၀) ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်၊ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့ပြီး မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေ (၅) သိန်းစီ အသီးသီးကျခံရန် အပြီးသတ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုချင်းလူငယ်အဖွဲ့က ဒီဇင်ဘာလ (၈) ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ကာ လက်ရှိအစိုးရ၏လုပ်ရပ်သည် တရားဥပဒေစိုးမိုးရေးကြွေးကြော်ချက်နှင့် လုံးဝသွေဖယ်လျက် လူတဦးဦး (သို့) အဖွဲ့အစည်းတစ်ခုခုမှ ဖိအားပေးလွှမ်းမိုးမှုရှိနေပြီး ဒီမိုကရေစီ အနှစ်သာရဖြစ်သော လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ စုဝေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်များနှင့် လုံးဝဆန့်ကျင်နေသည်ဟု ဝေဖန်ထောက်ပြထားသည်။
ထို့အပြင် ဖမ်းဆီးခံထားရသော ကချင်လူငယ်များသည် ပိတ်မိပြည်သူအသက်အန္တရာယ်အတွက် လူသားချင်းစာနာမှု အကူအညီများရရှိရေးနှင့် လွတ်မြှောက်ရေးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရာဇ၀တ်မှုအဖြစ် မတရားဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အရပ်ဖက်အဖွဲ့အစည်းပါဝင်မှုအား ခြိမ်းခြောက်ကန့်သတ်နေခြင်းသာဖြစ်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်လူငယ် (၃) ဦးအား ချွင်းချက်မရှိ လွှတ်ပေးရန် ထောင်နှင့်ချီသော ကချင်ပြည်သူလူထုသည် ယနေ့တွင် မြစ်ကြီးနားမြို့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။