(04SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းရှိ အခွန်မဆောင်သော လုပ်ငန်းရှင်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှု စတင်နေပြီလို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူလူထုအားဝန်ဆောင်မှုပေးနိုင်ဖို့ အမျိုးသားညီညွှတ်ရေး အစိုးရ ယန္တယားလည်ပတ်နိုင်ဖို့အတွက် ပြည်သူလူထုကိုဝန်မပိစေဘဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ အဓိကထားပြီး အခွန်စနစ် စတင်ဆောင်ရွက်လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအတွက် မေလ ၂၆ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ အရေးယူမှုတွေ စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကေ ပြာပါတယ်။
“အခုဆောင်တဲ့လူလဲ ဆောင်နေကြပြီပေါ့နော်။ အခွန်မဆောင်ထားတဲ့ ဆိုင်က ပစ္စည်းပါလာတယ်ဆိုရင် ကျွန်တော်တို့ ခဏထိန်းသိမ်းထားတယ် အခွန်ဆောင်မလားဆိုပြီးမေးတယ်။ သူတို့ဆောင်မယ်ပြောရင် အခွန်စည်းကမ်းအတိုင်းပဲ ပေးခိုင်းတယ်ပေါ့“ လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အခွန်ကနေရရှိလာတဲ့ ငွေကြေးတွေကို ကြားကာလ ပညာရေးကဏ္ဍေတွမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပြီး အလေအလွင့်မရှိအောင် အာမခံထားပါတယ်လို့ သူကဆက်ပြောပါတယ်။
“ဒီတော်လှန်ရေးက အခု အစိုးရပုံစံဖြစ်သွားပြီပေါ့နော် ဒီဖက်မှာ အမျိုးသားညီညွှတ်ရေးအစိုးရပေါ့ တစ်ဖက်မှာ စစ်ကောင်စီအစိုးရပေါ့ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဆိုတာ အခွန်ကနေလည်ပါတ်တာပေါ့နော်။ ဆိုတော့ အခုရရှိထားတဲ့ အခွန်တွေကလည်း ထိန်းချုပ်နယ်မြေတွေမှာလုပ်ပေးထားတဲ့ ပညာရေးနယ်ပယ်တွေမှာ အသုံးပြုသွားမှာဖြစ်တယ်ပေါ့နော် အဲအတွက် ပြည်သူတွေအခွန်ဆောင်ထားတာနဲ့ပါတ်သက်ပြီး တစုံတရာ အလေအလွင့်မရှိအောင် ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူပေးတယ်ပေါ့နော်။” လို့ သူကဆက်ပြောပါတယ်။
အခွန်ပေးဆောင်ရမယ့် လုပ်ငန်းအမျိုးအစားတွေကို သယံဇာတနဲ့ စည်ပင်ဆိုပြီး နှစ်မျိုးခွဲထားပြီး မြေပြင်နဲ့ အွန်လိုင်းကနေလည်း အခွန်ဆောင်နိုင်ပြီး တကယ်လို့ အခွန်ဆောင်ခြင်းမရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကိုတော့ ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘူးလို့ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
“ကျွန်တော်တို့ အခွန်ဆောင်ဖို့မြေပြင်မှာ run နေတဲ့ အဖွဲ့ရှိတယ်ပေါ့နော်၊ ဒါမှမဟုတ်ရင်လည်း online ကနေလဲ ဆောင်လို့ရအောင် စီစဉ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ ကျေးရွာ၊ နယ်တွေမှာ ထိန်းချုပ်ထားတာပေါ့လေနော်၊ အဲတော့ မြို့ပေါ်လောက်ပဲ ကျန်တာပေါ့။ ဆိုတော့ မြို့ပေါ်က လုပ်ငန်းရှင်တွေက သူတို့ပစ္စည်း နယ်တွေမှာ ဖြန့်ရတာပဲလေ၊ ဖြန့်တဲ့ခါမှာ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေမှာ အခွန်မဆောင်ထားတဲ့ လုပ်ငန်းရှင်ရဲ့ ပစ္စည်းကို ကျွန်တော်တို့ ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘူးပေါ့နော်။ အဲဒါကို ကျွန်တော်တို့ကလေးမြို့ပဲမဟုတ်ဘူး တခြားပအဖ ဖွဲ့ပြီးသား မြို့နယ်အကုန်လုံးနဲ့ ချိတ်ဆက်ပြီးတော့ လုပ်တာပေါ့” လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
ကလေးမြို့နယ်အတွင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ လုပ်ငန်းရှင်ပြည်သူတွေထံ အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး ကလေးမြို့က တက်ကြွလှုပ်ရှားသူတစ်ဦးက ယခုလိုသုံးသပ်ပါတယ်။
“အခွန်ဆိုတာတော့ ပေးသင့်တဲ့ဟာပေါ့နော် ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း အခွန်မဆောင်ရင် နိုင်ငံတော်ကလည်ပတ် လို့မရဘူးလေ သို့ပေမယ့် ကျနော်တို့အခြေအနေလိုမျိုးမှာ တော်လှန်ရေးအခြေအနေဆိုတော့ ပြည်သူတွေက ဘယ်လို ရပ်တည်ဖို့ နေ့စဉ်ဘဝဖြတ်သန်းဖို့တောင်မှ ရုန်းကန်နေရတဲ့အခြေအနေရောက်နေတယ် ဒါပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့ က ပေးသင့်တယ် တကယ်လို့ ပ.အ.ဖ ပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ် အခွန်ကိုတောင်းတယ်ဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် ခွေး(စစ်ကောင်စီ)တွေဖက်ကလည်း အခွန်ဆောင်တဲ့သူကိုလိုက်တော့မှာပဲ ဆိုတော့ ဘယ်လောက်ထိ လုံခြုံရေးပေးနိုင်မ လဲဆိုတဲ့ဟာ တကယ်အရေးကြီးတယ် ပြည်သူအတွက်ရော် ဘယ်လောက်ထိလုံခြုံမှုပေးနိုင်မလဲဆိုတဲ့ဟာ အရေးကြီး ဆုံးပေါ့၊ မပေးဖို့ မဟုတ်ဘူး ပေးကိုပေးသင့်တယ် အခွန်က ပေးကိုးပေးရမယ့်ဟာ ဒါပေမယ့် သူတို့ရဲ့ လုံခြုံမှုဘယ်ေလာက်ထိ ထောက်ပံ့ ပေးနိုင်မလဲ တာဝန်ယူမှု တာဝန်ခံမှုဘယ်လောက်ထိလုပ်ပေးနိုင်မလဲဆိုတဲ့ဟာ ပိုအရေးကြီးတယ်လို့မြင်တယ်” လို့ ကလေးမြို့က တက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပါတယ်။
အခွန်ဆောင်ရမယ့် လုပ်ငန်းအမျိုးစားတွေကတော့ သယံဇာတအခွန်မှာ ရေနံ၊ ကျောက်ခွဲစက်၊ အုတ်ဖို၊ အုတ်ခွေ၊ ကျောက်ခွေ၊ မီးသွေးအိတ်၊ ထင်း၊ ဝါး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ တို့ဖြစ်ပြီး၊ စည်ပင်အခွန်မှာတော့ ကုန်စုံဆိုင်၊ လိုင်းကား၊ လိုင်းကားယာဉ်ထွက်ခွင့်၊ သီးနှံပွဲရုံ၊ သစ်စက်၊ ယစ်မျိုး တို့ပါဝင် တယ်လို့သိရပါတယ်။