(002MG)
စစ်ကိုင်းတိုင်း၊ ကလေး-တမူးကြား ကားလမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့် ပုံမှန်လမ်းကြောင်းအတိုင်းသွား လာ၍မရဘဲ ရှောင်ကွင်းလမ်းမှတဆင့်သွားလာနေရသည့်အတွက် လူတစ်ဦးလျှင် ကားခ ၃ သိန်းအထိ မြင့်တက်နေ ကြောင်းသိရသည်။
ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်သော အာရှလမ်းမကြီးသည် စစ်ရေးအခြေအနေကြောင့် ပိတ်ထားရပြီး ချင်းတောင်ဖက်ဘက်မှတဆင့် ရှောင်ကွင်းလမ်းဖြင့် ပြေးဆွဲနေရသောကြောင့် ကားခမှာလည်း ကျပ်ငွေ ၃ သိန်းအထိမြင့်တက်သည်ဟု ကားဆရာတစ်ဦးထံမှသိရသည်။
“ကားလိုင်းကနေ့တိုင်းမရှိဘူး တောင်ပေါ်ဖက်ကနေ သွားရတာဆိုတော့ အဆင်ပြေရင် ပြေသလို သွားရတာ အရင်သွား တဲ့လမ်းကနေ မရဘူး တယောက်ကို (၃) သိန်းပါ။ ပစ္စည်းတန်ဆာခလည်း အရင်က ကျပ် တစ်သောင်းဆိုရင် အခုက သုံးသောင်းလောက်ဖြစ်သွားတယ်” ဟု ကားဆရာကပြောသည်။
ကလေးမြို့နှင့် တမူးမြို့သည် မိုင် (၉၀) ခန့်ကွာသာကွာဝေးပြီး ယခင်က ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ တစ်သောင်း ခန့်သာရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေကြောင့် ယာဉ်စီးခနှုန်းထားများ တဖြည်းဖြည်းမြင့် တက်လာခြင်းဖြစ်သည်။
ထို့အပြင် ယခင်က ၃ နာရီကျော်ခန့်သာသွားရသော ကလေး-တမူးလမ်းပိုင်းသည် ယခုအခါ ကွင်းလမ်းဖြင့်သွားနေရ သောကြောင့် တခါတရံ တညအိပ်ရသည့်အခြေအနေများလည်း ကြုံကြရသည်ဟု ကလေးမှ တမူးကားလိုင်းပြေး ဆွဲနေသူများထံမှ သိရသည်။
ကလေးမြို့ခံတစ်ဦးက “ဒီကနေ တမူးကို ခါတိုင်းကို ဘယ်လောက်မှ မပေးရဘူး၊ အခုက သုံးသိန်းလောက်ကုန်မှ တမူးကို ရောက်တာဆိုတော့ တော်ရုံတန်ရုံအရေးမကြီးဘူး၊ ကျန်းမာရေးကိစ္စမဟုတ်ရင်တော့ သွားလို့လာလို့မလွ ယ်ဘူး အသက်အန္တရာယ်ရင်းပြီးသွားရတာ။ အခုလက်ပံချောင်း၊ ပြည်တော်သာဖက် လမ်းတွေပိတ်သွားတော့လေ သွားလို့မလွယ်တော့တာ လမ်းမကြီးကလည်း သွားလို့မရတာကြာလှပြီ” ဟု ပြောသည်။
၎င်းအပြင် ကလေးမြို့မှ ခမ်းပတ်မြို့၊ နန်းခေါက်ခေါက် အထိ လူတဦးလျှင် ကားစီးခ ကျပ်ငွေ တစ်သိန်းခွဲမှ နှစ်သိန်း အထိရှိနေပြီး၊ ကလေး-လက်ပံချောင်းကြား ကားခမှာလည်း လူတစ်ဦးလျှင် ကျပ်တစ်သိန်းထိရှိသည်ဟု သိရသည်။
ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သော ကြောင့် မြို့တွင်းအပါအဝင် ကလေးမြို့နယ် မြောက်ပိုင်းကျေးရွာမှ ပြည်သူထောင်ချီတို့မှာ အိန္ဒိယ နိုင်ငံ နယ်စပ်ဘက်သို့ စစ်ဘေးတိမ်ရှောင်သူ ပိုများလာနေကြောင်းသိရသည်။