“ ကိုဗစ်စင်တာရှေ့ အပြင်ဖက်မှာရောက်ပြီး ကားပေါ်ကနေအဆင်း သူမောလာပြီး ရုတ်တရက်ဆုံး သွားတာ၊ ကလေး တွေနဲ့လည်း ထပ်မတွေ့ရတော့ဘူး၊ ဘာမှလည်း ပြောချိန်မရလိုက်ဘူး။ သူ့အစ်မလဲ အဲ့စိတ်နဲ့ဖြစ်ပြီး သူ့မောင်နဲ့တောင် သိပ်ရက်မခြားဘူး ဆုံးသွားရှာတယ်”
ကိုဗစ် ၁၉ ရောဂါကြောင့် ခင်ပွန်းသည်နဲ့ မရီးဖြစ်သူ သေဆုံးရတဲ့အကြောင်းကို မစန်းမေ (အမည်လွဲ)က ပြန်ပြောင်း ပြောပြရင်း မျက်လုံးအိမ်ကနေ မျက်ရည်တွေ ရေတံခွန်ပမာ တရစပ်စီးကျလာပါတယ်။
တာကျိူးသလို မျက်လုံးအိမ်ထဲကနေတလဟော စီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်ရင်း မစန်းမေတစ်ယောက် သူ့ခင်ပွန်းရဲ့ အဖြစ်အပျက်တွေကို ဆက်မပြောနိုင်တော့ပဲ သူ့ခြံဝင်းထဲက နှင်းဆီပျိူးခင်းဘက် ငေးကြည့်နေမိတော့တယ်။
မိသားစုဝင် ၄ ဦးရှိတဲ့ မစန်းမေတို့ဟာ ချင်းတောင်ခြေ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာနေထိုင်ကြပြီး မိသားစု စားဝတ်နေရေးအတွက် နှင်းဆီနဲ့ ပန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေပါ။ ပျိူးခင်းထဲက နှင်းဆီနဲ့ တခြားသောပန်းတွေပွင့်လာပြီဆိုရင် ကလေးမြို့စျေး၊ တာဟန်းစျေးကြီးတွေကို နေ့တိုင်း လက်လီ၊ လက်ကားနဲ့ သွားရောက်ရောင်းချပြီး မိသားစုစားဝတ်နေရေး ကို ဖြေရှင်းနေကြရတာပါ။
ပန်းရောင်းဝယ်တဲ့လုပ်ငန်းဟာ တခြားစီးပွားရေးတွေလို ဝင်ငွေကောင်းလှတာမဟုတ်ပေမယ့် သူတို့မိသားစု ဝမ်းစာဖြေရှင်း ဖို့အတွက်တော့ အဆင်ပြေတယ်လို့ဆိုရမှာပါ။ ကလေးမြို့မှာ သူတို့လို ပန်းအမျိူးမျိူးစိုက်ပျိူးပြီး တနိုင်တပိုင် စီးပွားဖြစ် လုပ်ကိုင်နေကြ တဲ့ မိသားစုပေါင်း ၅၀ ကျော်လောက်ရှိတယ်လို့ခန့်မှန်းရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ တတိယလှိုင်းဝင်ရောက်လာပြီး အထူးသဖြင့် ချင်းပြည်နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်မှာ မေလကုန်ပိုင်းကစပြီး ကိုဗစ်ကူးစက်မှုစံချိန်တင်မြင့်တက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့ရဲ့ တနိုင်တပိုင် ပန်းရောင်းဝယ် ရေးလုပ်ငန်းဟာလည်း ရိုက်ခတ်မှုရှိလာပါတော့တယ်။
ကလေးမြို့ရဲ့ ကိုဗစ်ကူးစက်မှုအခြေအနေဟာ ဇွန်လကစပြီး အရှိန်အဟုန်နဲ့မြင့်တက်လာပြီး ကိုဗစ်ကြောင့် လူသေဆုံးမှုက လည်း ကြောက်ခမန်းလိလိမြင့်တက်လာခဲ့ပါတယ်။
တတိယလှိုင်း အစပိုင်းမှာ ကလေးမြို့ဟာ ကိုဗစ်ဒဏ်ကို အဆိုးဆုံးခံလိုက်ရတဲ့ နေရာဖြစ်ပါတယ်။
ကလေးမြို့ခရစ်ယာန်သချိုင်းမှာ ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေအထိ တစ်လအတွင်း အမျိုးသား (၁၆၈)ဦး ၊ အမျိုးသမီး (၁၀၂)ဦး စုစုပေါင်း ၂၇၀ ဦးကို ကိုဗစ်ရောဂါကြောင့် သဂြိုလ်ခဲ့ရပြီး အခြားဘာသာဝင်တွေရဲ့ စာရင်းပေါင်းမယ်ဆိုရင် တစ်လအတွင်း အယောက် ၅၀၀ နီးပါးလောက် ကိုဗစ် ကြောင့်သေဆုံးခဲ့ကြရပါတယ်။
အစောပိုင်းမှာ မစန်းမေတို့ မိသားစုဟာ ပန်းလုပ်ငန်း ထိခိုက်ဆုတ်ယုတ်တာကိုသာ ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ မိသားစု တစ်ခုလုံးကို တိုက်ရိုက် ဆုံးရှုံးစေတဲ့ အဖြစ်ဆိုးတွေ ကြုံရပါတော့တယ်။
လူမျိူးဘာသာ၊ လူကြီး ကလေး ခွဲခြားမှုမရှိတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြီးဟာ မစန်းမေတို့ မိသားစုဆီကိုလည်း တစ်နေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
ပထမဆုံး သူ့ကလေး ၂ ယောက်ဟာ အဖျားဝင်လာပြီး ကိုယ့်နီးကိုယ့်ဟန်နဲ့ ကုသ ခဲ့ကြပြီး ရက်အနည်းငယ်အတွင်းမှာ ပြန်လည်သက်သာကြပေမယ့် ဆီးချိူ၊ သွေးတိုး၊ နှလုံး နဲ့ ကျောက်ကပ်ရောဂါ အခံရှိတဲ့ မစန်းမေ၏ ခင်ပွန်း အသက် ၅၀ အရွယ် ကိုမင်းမင်း(အမည်လွဲ)ဟာ အဖျားကူးစက်ခံရပြီး နေမကောင်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ကိုမင်းမင်းဟာ အဖျားမကျတဲ့အပြင် ရှိရင်းစွဲရာဂါပေါင်းစုံရဲ့ ထိုးနှက်မှုဒဏ်တွေကြောင့် အတော်လေးကို ဝေဒနာပြင်းပြင်း ထန်ထန်ခံစားလာရပါတယ်။ အပေ့ါအပါးသွားဖို့တောင် အတော်လေးကိုခက်ခဲတဲ့အထိဖြစ်လာလို့ဆေးရုံသွားပြတဲ့အခါ ကိုဗစ်-၁၉ ရောဂါဖြစ်နေမှန်းသိရပြီး ကိုဗစ်လူနာတွေထားရှိတဲ့ ကလေးမြို့က အိတ်စွပ်စင်တာကို ပို့ဆောင်ခဲ့ကြတယ်လို့ မစန်းမေကပြောပါတယ်။
“ ကျမတို့အရမ်းနောက်ကျသွားတယ်၊ အိတ်စွပ်ကိုဗစ်စင်တာကို သွားခဲ့ပေမယ့် ရောက်တာနောက်ကျသွားတယ်၊ ဆေးကုသမှုတောင်မခံယူလိုက်ရပဲ ကျမတို့ကိုထားသွားခဲ့တယ်’’ လို့ မစန်းမေကပြောပါတယ်။
ကိုဗစ်ကြောင့် ကိုမင်းမင်းသေဆုံးသွားပြီး သိပ်မကြာခင်မှာပဲ ကိုမင်းမင်း၏ အမဖြစ်သူ ဒေါ်ဝင်းဝင်း(အမည်လွဲ) သည်လည်း သူ့မောင်ဆုံးပါးသွားလို့ ဝမ်းနည်းကြေကွဲ နေထိုင်မကောင်းဖြစ်လာပြီး သူပါအိပ်ယာထဲဘုန်းဘုန်းလဲပါတော့တယ်။ သူမဟာ ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့အတွက် အောက်ဆီဂျင်ပေးရတဲ့အဆင့်ဖြစ်ခဲ့ရပါတယ်။
ကလေးမြို့မှာ ဇွန်လနဲ့ ဇူလိုင်လဟာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုစံချိန်တင်ခဲ့တဲ့ကာလဖြစ်ပြီး အောက်ဆီဂျင်ပျက်လတ်မှု လည်း ရင်ဆိုင်ရတဲ့ကာလဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကလေးမြို့မှာအောက်ဆီဂျင်ထုတ်တဲ့စက်မရှိသေးတာကြောင့် ရန်ကုန်၊ မန္တလေး၊ မုံရွာဘက်ကနေ အောက်ဆီဂျင်တွေ မှာယူပြီး အသုံးပြုရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အောက်ဆီဂျင် ၁၅ လီတာအိုးတစ်လုံးရရှိဖို့တောင် နံနက် ၄ နာရီလောက်ကနေ တန်းစီပြီးစောင့်ရပါတယ်။ ဒါတောင်အောက်ဆီဂျင်ရမယ်မရဘူးဆိုတာ မသေချာလှပါဘူး။
ဒီလိုအခြေအနေမျိူးမှာ တစ်နေကုန်နီးပါး အောက်ဆီဂျင်ရှုဖို့လိုအပ်နေတဲ့ ကိုဗစ်လူနာတွေအတွက်တော့ ဘုရားသခင်ကို မျှော်လင့်ယုံမှတပါးအခြားမရှိဘူးလို့ မစန်းမေကဆိုပါတယ်။
“ ကျမခင်ပွန်းရဲ့ အမကလည်း အောက်ဆီဂျင်လုံလုံလောက်လောက်မရတာကြောင့် သူ့မောင်သေဆုံးပြီး ၃ ရက်မြောက် နေ့မှာပဲ အမောဖောက်ပြီး ကိုဗစ်နဲ့ပဲသေဆုံးခဲ့ရတယ်’’ လို့ မစန်းမေကပြောပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လ နှစ်လအတွင်း ကိုဗစ်ရောဂါကြောင့်သေဆုံးသူ လူပေါင်း ၉၀၀ နီးပါးရှိခဲ့ပါ တယ်။ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူအများစုဟာ အသက်ကြီးပိုင်းနဲ့ ဆီးချိူ၊ သွေးချိူ၊ သွေးတိုး၊ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေဖြစ်ကြပြီး အများစုဟာ အောက်ဆီဂျင်မလုံလောက်မှုကြောင့် သေဆုံးကြ ရတာလို့သိရပါတယ်။
“ အောက်ဆီဂျင်ရဖို့ အချိန်အတော်လေးပေးပြီး တန်းစီရတယ်။ ရှိရင်တောင်မှ တနေရာထဲမှာပဲ အကုန်ရတာ မဟုတ်ဘူး၊ ၂ ဗူး ၃ ဗူးလောက်ရဖို့ကို အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတိုင်းကိုသွားရပြီး တခါတလေ တနေကုန်ဖြစ်သွားတဲ့ အချိန်လဲရှိ တယ်” လို့ ကိုဗစ်လူနာအတွက် အောက်ဆီဂျင်လိုက်ရှာပေးတဲ့ လူငယ်ဦးကပြောပါတယ်။
အခုလို ဆုံးရှုံးမှုများခဲ့ရတာက နိုင်ငံရေး အပြောင်းအလဲတွေရဲ့ ရိုက်ခတ်မှုက အဓိက တရားခံလို့ ပြောလို့ ရပါတယ်။
ကလေးမြို့မှာ ယခင် ကိုဗစ် ၁၉ ပထမနဲ့ ဒုတိယလှိုင်းဖြစ်ပွားခဲ့တုန်းကတော့ အစိုးရအဖွဲ့ကိုယ်တိုင်က ဦးဆောင်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်မာရေးဌာန၊ လူကယ်ပြန်၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုဗစ်ကာ ကွယ်ထိန်းချုပ်ရေးကော်မတီတွေဖွဲ့စည်းပြီး စနစ်တကျလုပ်ဆောင်ခဲ့ကြတာကြောင့် ကိုဗစ် ၁၉ ကပ်ဘေးဒဏ် ကနေ အတော်အသင့်ကာကွယ်နိုင်ခဲ့ကြသလို သေဆုံးမှုလည်း ယခုလိုမများခဲ့ဘူးလို့သိရပါတယ်။
ဒါပေမယ့် ခုအခါမှာတော့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကိုဗစ် တတိယလှိုင်းနဲ့ပတ်သက်ပြီး ထိန်းချုပ်ကာကွယ်မယ့် နည်းလမ်းစီမံကိန်း၊ အကောင်အထည်ဖော်မှုတွေတစ်ခုမှမတွေ့ရဘဲ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ကိုယ်ဗစ် ၁၉ ပိုးတွေ့လူနာကုသရေးစင်တာများဖွင့်လှစ်ပြီး ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကုသမှုခံယူ နေရကြသလို ကိုဗစ်ကြောင့် သေဆုံးသူတွေကိုလည်း ပရဟိတအဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထနဲ့ မြေမြုပ်သဂြိုလ်မှု တွေပြုလုပ်နေကြရပါတယ်။
ယခုလက်ရှိမှာတော့ ကလေးမြို့မှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီး ရောဂါကြောင့် နေ့စဉ်သေဆုံးမှုလည်း မရှိသလောက်ဖြစ်သွားပြီလို့ ပရဟိတအဖွဲ့ထံကနေသိရပါတယ်။ ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းလာတာကြောင့် ကလေးမြို့ မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်စင်တာတွေကိုလည်း ပြန်လည်ရုပ်သိမ်းသွားကြပြီဖြစ်ပါတယ်။
ခုလို ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာပြီ သေဆုံးမှုလည်းလျှော့နည်းလာပြီဖြစ်ပေမယ့် မစန်းမေတို့ရဲ့ နွေးထွေး တဲ့အသိုက်အမြုံလေးကတော့ ကိုဗစ်လှိုင်းလုံးကြောင့် ပျက်စီးသွားခဲ့ရပြီဖြစ်ပါတယ်။ ကိုဗစ်ကြောင့် မုဆိုးမဘဝရောက်ခဲ့ရ တဲ့ မစန်းမေတစ်ယောက် ကလေး ၂ ယောက်နဲ့အတူ လောကဓံကို ရင်ဆိုင် ဖြတ်သန်းရတော့မှာလို့ မစန်းမေက ပြော ပါတယ်။
“အပြင်လည်း အလုပ်ထွက်လုပ်ဖို့ကလဲ မလွယ်သေးဘူး။ အခုတော့ ဒီအတိုင်းပဲ ကျမတို့မှာ ရှိတဲ့အစားစာနဲ့ ဆွေးမျိုးတွေ၊ မိတ်ဆွေတွေက ပေးကြတာလေးတွေနဲ့ စား သောက်နေကြတယ်။ နောက်ပိုင်း အခြေအနေပေးလာရင်တော့ ကုန်ခြောက်လေးတွေရောင်းဖို့ စဉ်းစားထားတယ်။” မစန်းမေက မရေရာတဲ့ သူ့မိသားစု အခြေအနေကို ပြောပြပါတယ်။
“ ကျမတို့ ပန်းခင်းလည်း လုပ်မယ့်သူလဲမရှိတော့ ပျက်စီးသွားတယ်”။…………..။