ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသည် အမျိုးသားရှိရာ မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံဘက်ကဆင့်သွားရောက်စဉ်မှာ ယာဉ်မတော်မဆဖြစ်မှုကြောင့် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းတွင် သေဆုံးခဲ့သည်ဟု သိရသည်။
မတူပီမြို့နယ် ဝါပုန်းကျေးရွာဇာတိ အသက် ၃၆ နှစ်အရွယ်ခန့်ရှိသော ဒေါ်နီသည် ရန်ကုန်မြို့သို့ စစ်ဘေးတိမ်းရှောင်ရာမှ အမျိုးသားဖြစ်သူ CDM ကျောင်းဆရာရှိရာ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံဘက်ကတဆင့် သွားရောက်သည့်အချိန်မှာ အောက်တိုဘာလ ၇ ရက်နေ့က ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကားတိမ်းမှောက်၍ ပြင်းထန်ဒဏ်ရာရရှိသော ဒေါ်နီကို နီးစပ်ရာဆေးရုံတွင်ပို့ဆောင်ကာ ကုသမှုခံယူနေစဉ်မှာ ယနေ့ အောက်တိုဘာလ ၉ ရက်မနက်ပိုင်းမှာ ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။
သေဆုံးသူ ဒေါ်နီ၏ အမျိုးသားမှာ အလယ်တန်းပြကျောင်းဆရာဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် CDM ပြုလုပ်ကာ မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု သိရသည်။
ဇနီးဖြစ်သူမှာ ၂ နှစ်အရွယ် သမီးငယ်နှင့်အတူ အမျိုးသားရှိရာ မလေးရှားနိုင်ငံသို့ ပွဲစားအစီစဉ်ဖြင့် ထိုင်းနိုင်ငံကတဆင့် လိုက်သွားသည့်အချိန် ယခုကဲ့သို့ အဖြစ်ဆိုးဖြင့် ကြုံခဲ့ရခြင်းဖြစ်သည်။
၂ နှစ်ခန့်အရွယ်ရှိသော သမီးငယ်မှာလည်း ဒဏ်ရာရရှိသည်ဟုသိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။
ဒေါ်နီ၏ ရုပ်အလောင်းသယ်ယူကိစ္စများကို ပွဲစားကတဆင့် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အသေးစိတ်မသိရှိနိုင်သေးကြောင်း နီးစပ်သူတစ်ဦးကပြောသည်။