(002MG)
ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားပြီဖြစ်သည့် ချင်းပြည်နယ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ခံမှုကို မြို့ ၃ မြို့မှာသာ ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားကြသည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တီးတိန်မြို့ပေါ်က ရပ်ကွက်တချို့မှာသာ သန်းခေါင်စာရင်းကောက်ခံမှုကို သိုသိုသိပ်သိပ်ဖြင့် အဖြစ်သဘောမျိုးသာ ဆောင်ရွက်နိုင်ခဲ့ကြသည်ဟု သိရသည်။
“အရင်အပတ်က မြို့သစ်၊ ဈေးဟောင်း၊ ချင်းဦးစီးတွေဖက် သူတို့က Digital နဲ့ကောက်တယ်၊ အိမ်ထောင်စုစာရင်းလည်း ဘာညာမကြည့်ဘူး လူဘယ်နှစ်ယောက်ရှိလဲ၊ အိမ်မှာ ဘာအိမ်သာသုံးလဲ၊ TV ရှိလား အဲ့လိုမေးတယ်၊ ပြီးရင် သူတို့က အိမ်တိုင်းစေ့လည်းမကောက်ကြပါဘူး၊ အဖြစ်သဘောမျိုးပဲ ကောက်တာနဲ့တူတယ်၊ သိုသိုသိပ်သိပ်နဲ့ သွားလာကြတာဆိုတော့လေ” ဟု ဟားခါးမြို့ခံ လူငယ်အမျိုးသမီးက ပြောသည်။
တီးတိန်မြို့တွင်လည်း သန်းခေါင်စာရင်းကောက်ယူမှုရှိနေပြီး တအိမ်တက်ဆင်းပုံစံမျိုးဖြင့် ပေါ်ပေါ်ထင်ထင်ကောက်ယူခြင်းမျိုးမဟုတ်ပဲ ရေပေးဝေမှုဟုဆိုကာ ပြည်သူများအား အိမ်ထောင်စုစာရင်းကောက်ခံခြင်းများ ပြုလုပ်သည်ဟု တီးတိန်မြို့က အမျိုးသားတဦးက ပြောသည်။
“သူတို့က မြို့မဈေးထဲသွားပြီးတော့မှ ရေဖြန့်ဝေရေးကိစ္စအတွက်ဆိုပြီးတော့မှ၊ အိမ်ထောင်စုစာရင်းတွေကို ယူလာခိုင်းတယ် အဲ့လိုကနေကောက်လိုက်တာပေါ့ နောက်ပြီးတော့မှ အိမ်တအိမ်ကို အလည်သွားတဲ့ပုံစံနဲ့ အဲ့အိမ်ကနေ ဘေးနားချင်းအိမ်တွေကို လူဘယ်နှစ်ယောက်ရှိလဲလို့ တဆင့်ခန့်မှန်းပြီးမှ ကောက်တာရှိတယ်၊ ပေါ်တင်ကြီးကောက်တာမဟုတ်ဘူး တအိမ်တက်တအိမ်ဆင်း ကောက်တာမျိုးမဟုတ်ဘူး” ဟု တီးတိန်မြို့ ကအမျိုးသားတဦးက ပြောသည်။
အလားတူ ဖလမ်းမြို့ပေါ်မှာလည်း ရက်ကွက်တချို့မှာ သန်းခေါင်စာရင်းကောက်ယူမှုရှိနေပြီး မြို့ပေါ်ရပ်ကွက်အားလုံးကို ကောက်ခံခြင်းမျိုးမရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။
စစ်ကောင်စီသည် နိုင်ငံရေးနောက်ဆုံးထွက်ပေါက်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားပြီး ယင်းအတွက် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအင်အားစုများက အသီးသီးထုတ်ပြန်သတိပေးထားကြပြီး တီးတိန်မြို့ပေါ်မှာတော့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သူတစ်ဦးကို PDF-Zoland က ဖမ်းဆီးထားသည်။