(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ်မြို့နှင့် မိုင် ၄၀ အကွာရှိ တိုက်နယ် (၂)မှ ရွာတစ်ရွာ၏ အနီးဝန်းကျင်ကို ယနေ့မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“စောစောကပဲ ဖြစ်သွားတာ၊ မြေပြင်အခြေအနေကတော့ သွားမကြည့်ရသေးဘူး။ ကျနော်တို့နဲ့ တော်တော်လှမ်းတာတောင်မှ တောင်ကြောတစ်ခုလုံး တုန်ခါသွားတယ်။ တော်တော်ကြီးပြင်းထန်တယ်။ ကျနော်တို့နဲ့ မိုင် ၄၀ နီးပါး ဝေးတာတောင်မှ ၁၅ စက္ကန့်လောက် ပဲတင်ထပ်သံ ကြားရတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။
ယနေ့ ဧပြီလ ၁ ရက် နံနက် ၁ နာရီခန့်တွင် တိုက်နယ် (၂) ထဲက ၎င်းရွာ ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးကို ဂျက်ဖိုက်တာဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူများများ ထိခိုက်မှု၊ သေဆုံးမှု မရှိခဲ့ကြောင်း သိရပြီး၊ နေအိမ် ၂ လုံးမှာ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် ယနေ့ နံနက် ၁၁ နာရီ ၃၀ ခွဲမှ ၁၂ နာရီအထိ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် တိုက်နယ် (၂) ထဲက ၎င်းရွာကိုပင် တစ်စီးပြီး တစ်စီး (၁၀) ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သေနတ်များဖြင့် လှည်ပတ်ပစ်ခတ်သွား ကြောင်း ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့ခံတစ်ဦးက နေ့လည်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံးများ အသုံးပြု တိုက်ခိုက်မှုက ၄ ကြိမ်ခန့် ရှိမည်ဖြစ်ပြီး လေယာဉ်ပျံသန်းလာမှုနှင့် ဗုံးကြဲတိုက်ခိုက်မှုကို ရေတွက်ထားမှုအရ မိနစ်ပိုင်းအတွင်း ဂျက်ဖိုက်တာ ၅ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၂ ကြိမ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ခိုနူမ်းသုန်ကို ပြောသည်။
“ဘယ်လိုကြဲတာလဲတော့ မပြောတတ်ဘူး။ စောစောလေးကပဲ ချလိုက်တာဆိုတော့ ကျနော်ထင်တာက ပေါင် ၅၀၀ ဗုံးကတော့ ၄ ကြိမ်လောက်တော့ ပါမယ်။ ကျနော်တို့ ထိုင်နေတဲ့အထိကို တုန်ခါမှုက ရောက်လာတယ်။ မြေကြီးတွေ တုန်တာပေါ့။ ပြင်းပြင်း ထန်ထန်ကို ချသွားတာပဲ။ ကျနော် ရေးထားတာကတော့ ၁၂ ကြိမ်ရှိတယ်။ လေယာဉ် မြင်တာက ၅ စီးရှိတယ်။ တစ်စီးပျံသွားတယ်။ ပြန်ဆင်းသွားတယ်။ နောက်တစ်စီး ထပ်တက်လာတယ်။ ချတယ်။ နောက်တစ်စီး တက်တယ်။ ငါးစီးပေါ့နော်။ တစ်စီးက တစ်ခါ တလေ နှစ်ကြိမ်လောက်ချတယ်”ဟု မင်းတပ်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ဘက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးမိတ်ဖက် အင်အားစုတချို့တို့ စစ်ရေးလှုပ်ရှားမှုများ ရှိတတ်သော်လည်း ယနေ့တွင် ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်နေမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရကြောင်း ဒေသခံများက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးမှုအခြေအနေများကို မသိရှိရသေးကြောင်း၊ ဖုန်းလိုင်းများလည်း ပြတ်တောက်နေသောကြောင်း ၎င်းရွာအနီးက ဒေသခံများနှင့် အဆက်အသွယ် မရရှိသေးကြောင်း ဒေသခံများက ပြောသည်။
“မနေ့က တနေကုန် အဲ့နေရာ ကင်းထောက်လေယာဥ်ပတ်နေတာ၊ ခုလည်း ကင်းထောက်လေယာဉ်တွေ လာပတ်ပြန်ပြီ။ အဲနေရာက တိုက်ပွဲအစည်းအဝေးဘာညာလည်း မရှိဘူး” ဟု မင်းတပ်မြို့ခံ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်နယ်(၂) ထဲက လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခံရသော ရွာသည် မင်းတပ်တောင်ဘက် တိုက်နယ် (၄) နှင့် ကန်ပက်လက်မြို့နယ်တို့ဖြင့် နီးကပ်သော ဒေသဖြစ်ပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့၏ နယ်စပ်ဒေသများဖြင့် ဆက်စပ်နေသော နယ်မြေဖြစ်ကြောင်း သိရသည်။
ယနေ့ ဧပြီလ တစ်ရက်နေ့သည် မင်းတပ်မြို့နယ်တွင် နေထိုင်ကြသော ချိုး (ချင်း) လူမျိုးတို့၏ နှစ်သစ်ကူးနေ့ဖြစ်ပြီး နှစ်သစ်ကူးရက် မြတ်များကို မကျင်းပနိုင်သည်မှာ ၃ နှစ် ရှိလာပြီဖြစ်ကြောင်းသိရသည်။