(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃ ထဲက အောက်ချိုင်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ ဧပြီလ ၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီသည် တိုက်လေယာဉ် ၃ စီးဖြင့် အောက်ချိုင်ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်မှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သွားကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောသည်။
“တစ်ရွာလုံးကို ဗုံး ၁၀ ဝန်းကျင်နဲ့ ကြဲသွားတယ်။ ပြီးတော့ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက် သွားတယ်။ တစ်စီးပြီး တစ်စီး လာကြဲသွားတာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အောက်ချိုင်ရွာတွင် အထိအခိုက်အပျက်အစီးများ ရှိနေကြောင်း၊ အောက်ချိုင်ရွာအနီးက တောများလည်း မီးလောင်နေကြောင်း၊ ကနဦး သိရသော်လည်း ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းနေပါသည်။
တိုက်နယ် ၁၃ ထဲက အောက်ချိုင်ရွာသည် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ နှင့် ဆက်စပ်နေသော ဒေသထဲတွင် တည်ရှိနေကြောင်း သိရသည်။
မင်းတပ်မြို့နယ်၊ မင်းတပ်မြို့နှင့် မိုင် ၄၀ အကွာရှိ တိုက်နယ် (၂) မှ ချပ်ကေးရွာကို ယမန်နေ့ ဧပြီလ ၁ ရက် နံနက်ပိုင်းက စစ်ကောင်စီသည ဖျက်အားပြင်းပေါင်း ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်၊ နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာ ၃ စီးဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှ စတင်၍ စစ်အင်အားများ တိုးမြှင့် ဖြည့်ဆည်းထားသကဲ့သို့ ကင်းထောက်လေယာဉ်များ မကြာခဏ ထောက်လှမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်လာကြောင်း သိရသည်။