(002MG)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလလ ၁၄ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားမှုရှိနေသောကြောင့် မြိုခံအများစုမှာ စစ်ဘေးရှောင်တိမ်းကြရသည်ဟု သိရသည်။
ယနေ့မနက်ပိုင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားကာ မြို့ခံပြည်သူအားလုံးနီးပါးမှာ ကျေးရွာဖက်နှင့် တောင်ပေါ်ဒေသတို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
ဆမီးမြို့ခံက “တမြို့လုံးလိုပဲ ရာခိုင်းနှုန်း ၉၀ ပေါ့၊ မြို့ထဲ အချင်းချင်းက စုနေကြတယ်၊ ကိုယ့်အိမ်မှာ ကိုယ်မနေကြတော့ဘူး။ ဒီမနက်လည်း နယ်က ကျေးရွာတွေမှာ ရှောင်ကြတယ်။ အခုက စက်လှေတွေမရှိတဲ့သူတွေ၊ ပြေးမဲ့ နေရာမရှိတဲ့၊ သက်ကြီးတဲ့သူတွေပဲရှိတာ” ဟု ပြောသည်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သတင်းများထွက် ပေါ်သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။
ဆမီးမြို့ခံပြည်သူများသည် ဆမီးမြစ်ချောင်း အထက်ပိုင်းတွင်ရှိသော ကျေးရွာဘက်တို့တွင် တိမ်းရှောင်ကြရပြီး ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်ပြည်သူများမှာ ဘုရားကျောင်းတို့တွင် စစ်ဘေးခိုလုံနေကြရသည်ဟု သိရသည်။
ဆမီးမြို့တွင် အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး လူဦးရေ ရှစ်ထောင်နီးပါးနေထိုင်ကာ မြို့ခံလူဦးရေအမျာစုကတော့ စစ်ဘေးရှောင်တိမ်းကြသည်ဟု သိရသည်။