(002MG)
ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် လတ်တလော နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိသောကြောင့် ကလေးမြို့ဘက်ကို နှစ်လနီးပါး စစ်ဘေးရှောင်နေကြသည့် ပြည်သူတချို့ ကိုယ့်အစီအစဉ်ဖြင့် နေရပ်ပြန်နေကြပြီဟု တီးတိန်မြို့ ဒေသခံတဦးက ပြောသည်။
“ပြန်တာက လေးပုံနှစ်ပုံဝန်းကျင်တော့ပြန်နေကြပြီ အခုနေလို့ရပြီဆိုတဲ့ဟာမျိုးတော့ တရာဝင်ပုံစံမျိုးတော့ ထုတ်ပြန်တာတော့ ဘယ်သူမှမရှိဘူး၊ ဒါပေမယ့် ပြန်ကြတာကတော့ ကလေးမှာ စစ်ဘေးရှောင်တဲ့နေရာမှာ သူများအိမ်မှာ မှီခိုပြီးတော့မှနေရတော့ အဲ့တာထက်စာရင်ကိုယ့်အိမ်မှာနေဖို့အတွက် တီးတိန်ကို ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ကြတာ၊ ပြီးရင် သူခိုးတွေတအားများတော့ အိမ်ကိုစိတ်မချလို့ပြန်ကြတဲ့သူတွေဖြစ်တယ်” ဟု တီးတိန်မြို့ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က တီးတိန်မြို့ပေါ်တွင် ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီက တီးတိန်မြို့ပေါ်လူနေအိမ်များကို (၄) ကြိမ်မီးရှို့ကာ လေကြောင်းဖြင့်လည်း (၁၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် (၆၀) ကျော်ပျက်စီးခဲ့ပြီး တီးတိန်မြို့ပေါ်က ပြည်သူအားလုံးနီးပါးသည် ကလေးမြို့အပါအဝင် ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။
ယခုအခါ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုလည်းမရှိတော့ဘဲ တည်ငြိမ်သည့်အခြေအနေ ရှိလာသည့်အတွက် ဒေသခံများသည် စစ်ဘေးရှောင်ရာမှ နေရပ်ပြန်လာကြပြီဖြစ်သည်။
လက်ရှိ မြို့ပေါ်တွင် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီး တိုက်ပွဲကြောင့် ပိတ်ထားရသော စာသင်ကျောင်းများ ကိုလည်း ဇူလိူင်လ (၁) ရက်နေ့က ကျောင်းအပ်စတင်လက်ခံခဲ့ကာ လက်ရှိတွင် အ.ထ.က (၁)၊ အ.ထ.က (ခွဲ) ကျောင်းများဖွင့်လှစ်ကာ ကျောင်းသူ/ကျောင်းသား (၁၀၀၀) ကျော် တက်နေကြပြီဖြစ်ကြောင်း တီးတိန်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီသည် တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ ဆက်သွယ်သော အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းပေါ် မဏိပူရ်မြစ်ကူး (မံဆောင်းတံတား) ကို ဇွန်လ ၈ ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် ကုန်သွယ်ရေးတံတားဖြစ်သော ဇလွေချောင်းကူးတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးမှုကြောင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရသည်။