By လားနွန် – ချင်းပြည်နယ် တီးတိန် – ရိ ကားလမ်းပေါ်တွင် မေလ ၂၀ ရက်နေ့က သံဃာတော်တစ်ပါးအပါအ၀င် လူ (၄) ဦး စီးနင်းလိုက်ပါလာသော PRADO ကားတစ်စီးသည် ချောက်ထဲသို့ ထိုးကျသွားပြီး ကားပေါ်သို့လိုက်ပါလာသူအားလုံး သေဆုံးသည်ဟု သိရသည်။
၎င်းတို့သည် ရန်ကုန်မြို့မှ ချင်းပြည်နယ် ရိရေကန်သို့ အလည်ပတ်လာရောက်ကြသူများဖြစ်သည်ဟု သိရပြီး တီးတိန်မြို့မှအဆင်း လမ်ဇန်းကျေးရွာနှင့် မဏိပူရမြစ်ကူး (မံဆောင်း) တံတားအကြား ၇ မိုင် အကွေ့နေရာတွင် ပေ ၆၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသော တီးတိန်မြို့မှ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် Shai Shiang က ပြောသည်။
အခင်းဖြစ်သည့်နေရာသို့ တီးတိန်မြို့ မီးသတ်သမားများ၊ တီးတိန်မြို့ပရဟိတအဖွဲ့များနှင့် SYC, TYF, ZYA (lamzang) တို့မှ အလောင်းရှာဖွေကာ ၃ လောင်းတွေ့ရှိထားပြီး ကျန်တစ်လောင်းကို ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
“အလောင်းသုံးလောင်းကိုတော့ ကျနော်တို့ ပြည်သူ့ဆေးရုံးကို ပို့လိုက်ပြီ၊ ကျန်တစ်လောင်းကိုတော့ အခု သယ်ယူနေတုန်းပဲ’’ ဟု Shai Shiang ကပြောသည်။