Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

0
By Editor on June 26, 2026 Featured

တိမ်လွှာတွေဝေဆာပြီး တောင်ဇလပ်ပန်းတွေပွင့်တဲ့လွမ်းမောစရာ ချင်းတောင်တန်းပေါ်မှာ စစ်အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ ချင်းအမျိုးသမီး ရဲမေတွေရဲ့ဘဝက သာမန်ထက် ပိုပြီးကြမ်းတမ်းသလို စိန်ခေါ်မှုလည်း များလှပါတယ်။

သေနတ်သံတွေကြားထဲ ဖြတ်သန်းနေရတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ရှေ့တန်းကနေ ပါဝင်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်မှုတွေနဲ့အတူ ချင်းပြည်နယ်မှာလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေနဲ့ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

 CDF မဟာမိတ်တပ်ဖွဲ့အားလုံး (Chinland Defense Force) နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုလုံးမှာဆိုရင် အမျိုးသမီးရဲဘော်စုစုပေါင်း ထောင်ဂဏန်း (အနည်းဆုံး ၁,၀၀၀ ကျော်ကနေ ၁,၅၀၀ ဝန်းကျင်) ရှိနိုင်ပြီး၊ ချင်းအမျိုးသမီးအများအပြားဟာ စစ်အာဏာရှင်တော်လှန်ရေးထဲကို အုံနဲ့ကျင်းနဲ့ ပါဝင်လာခဲ့ကြပါတယ်။

“ယောက်ျားလေးအလုပ်” ဆိုတဲ့ အတားအဆီးကို ကျော်ဖြတ်လာသူ

“သေနတ်ဆိုတာ အမျိုးသားတွေပဲ ကိုင်ရမယ့် လက်နက်” ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေက လူ့အဖွဲ့အစည်းအချို့မှာ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို နူးညံ့သိမ်မွေ့စွာနဲ့ အိမ်တွင်းမှုကိစ္စတွေမှာပဲ ဘောင်ခတ်ထားချင်တဲ့ သတ်မှတ်ချက်တွေက အခြေအနေအရပ်ရပ်ကြောင့် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

၂၁ ရာစုခေတ်ကြီးမှာ သေနတ်ဆိုတာ အမျိုးသားတွေချည်းပဲ ကိုင်ရမယ့် လက်နက်မဟုတ်တော့ကြောင်း ချင်းရဲမေတွေက သက်သေပြနေကြပါတယ်။ ဒါပေမဲ့ အဲဒီလို သက်သေပြနိုင်မှု နောက်ကွယ်မှာ မိသားစု အတားအဆီးနဲ့ ရုန်းကန်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

မအန်ဇလာဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်က တိုင်းရင်းသူ အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက် ဖိနှိပ်ချုပ်ချယ်တာတွေကို သူမ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲခြင်းနဲ့ မတရားမှုတွေကို လက်ပိုက်ကြည့်မနေနိုင်တော့တဲ့အဆုံးမှာ မအန်ဇလာဟာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လက်နက်ကိုင်တော်လှန်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပါတယ်။

မိသားစုရဲ့ စိုးရိမ်ပူပန်မှုနဲ့ စွန့်လွှတ်စွန့်စားခြင်း

အန္တရာယ်နဲ့ ပြည့်နှက်နေတဲ့ စစ်မြေပြင်ကို သမီးမိန်းကလေးတစ်ယောက် စေလွှတ်ဖို့ ဘယ်မိဘကမှ လွယ်လွယ်ကူကူ ခွင့်ပြုမှာမဟုတ်ပါဘူး။ မအန်ဇလာ၏ မိဘတွေကလည်း ထိုနည်းတူစွာပဲ စိုးရိမ်ကြီးစွာနဲ့ တားဆီးခဲ့ကြပါတယ်။

“ကျမ သွားတုန်းကဆိုရင် အိမ်ကနေ ထွက်ပြေးပြီးမှ သွားတာ။ အိမ်ကလည်း မလွှတ်ချင်ဘူး။ မိန်းကလေး ဒီအလုပ်က ယောက်ျားလေးတွေ လုပ်တဲ့အလုပ်။ ယောက်ျားလေးတွေတောင် အကုန်လုံး မပါဝင်နိုင်တဲ့အလုပ်လေ တအားအန္တရာယ်ရှိတယ်။ မိဘတွေရဲ့ သဘောထားတော့ စစ်မြေပြင်မှာ သွားရမယ်ဆိုရင် စစ်တိုက်ရမယ်၊ သေတော့မယ် အဲလိုမျိုးပဲ” လို့ သူမရဲ့ အခက်အခဲကို ပြန်ပြောပြခဲ့ပါတယ်။

ဒါပေမဲ့လည်း မိဘတွေရဲ့ တားဆီးပိတ်ပင်မှုနဲ့ စိုးရိမ်စိတ်တွေကြားကနေပဲ မအန်ဇလာဟာ အမိမြေနဲ့ ပြည်သူ့လွတ်မြောက်ရေးကို ရှေ့တန်းတင်ပြီး အိမ်ကနေ ထွက်ပြေးကာ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။

စစ်သင်တန်းတက်ရတဲ့ ကာလတွေမှာလည်း အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့ မခံချင်စိတ်နဲ့ ကြိုးစားခဲ့ရပါတယ်။ အမျိုးသမီး သဘာဝ လစဉ်ဓမ္မတာလာချိန်တွေမှာ အားအင်မတူဘဲ အဆမတန် ခက်ခဲပေမဲ့လည်း “အရေးကြုံလာရင် ဒီလေ့ကျင့်မှုကပဲ ငါတို့ကို ကယ်နိုင်မှာ” ဆိုတဲ့ စိတ်ခွန်အားနဲ့ မအန်ဇလာ ကျော်ဖြတ်ခဲ့ရပါတယ်။

တောတောင်ထဲက တိတ်ဆိတ်သော စိန်ခေါ်မှုများ

တောတောင်ထူထပ်တဲ့ ချင်းတောင်တန်းပေါ်မှာ နေထိုင်ရတဲ့ ရဲမေတွေအတွက် အခက်ခဲဆုံးအရာက တိုက်ပွဲထက် တကိုယ်ရည်သုံး အခြေခံပစ္စည်း ပြတ်လတ်မှုပဲ ဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်း (Sanitary Pads) တွေ ပြတ်လတ်တဲ့အခါ ဝယ်ဖို့မရှိတာကြောင့် အမျိုးသားရဲဘော်တွေမမြင်အောင် အိမ်ထဲ၊ အခန်းထဲမှာ ပုန်းနေရတဲ့ အခြေအနေတွေရှိခဲ့ကြောင်း မအန်ဇလာက ဆိုပါတယ်။

မအန်ဇလာလိုပဲ CDF – ပလက်ဝ က အသက် ၂၀ အရွယ် ရဲမေ မာရီယာ ကလည်း သူမ ကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“ဝယ်လို့မရတဲ့ အခြေအနေမှာဆိုရင်တော့ အမျိုးသမီးအနေနဲ့ အသန့်နိုင်ဆုံး အကျီပါးပါးလေးတွေနဲ့ အဲလို လုပ်ပြီးတော့ပဲ ဖြေရှင်းရပါတယ်”

ဒါ့အပြင် ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်လို တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေတောင် မရနိုင်တော့တာကြောင့် အချို့ရဲမေတွေဟာ သူတို့ရဲ့ ဆံပင်အရှည်တွေကို အတိုညှပ်ပစ်လိုက်ကြရပါတယ်။

အဝတ်အစားပိုင်းမှာလည်း အဝတ်အထည် ၃ ထည်လောက်ပဲ ရှိကြပြီး အတွင်းခံဘောင်းဘီနဲ့ ဇာဘော်လီတွေ လုံလောက်မှုမရှိလို့ ပြီးခဲ့တဲ့ မိုးရာသီက မခြောက်တခြောက်နဲ့ ဝတ်ဆင်ခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာတစ်ခုဖြစ်တဲ့ ‘ဖြတ်လေးဖြတ်’ မူဝါဒကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ လုံးဝ ပြတ်တောက်နေတာကြောင့် ချင်းတောင်တန်းဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေနဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း (Sanitary Pads) တွေ သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ရောက်ရှိနိုင်ရေးတို့မှာ အလွန်တရာ အဖက်ဖက်က ခက်ခဲနှောင့်နှေးနေကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်း (WOCO)၊ ချင်းအမျိုးသမီးကွန်ရက် (CWN) ရဲ့ မြေပြင်အချက်အလက်ကောက်ယူမှု အစီရင်ခံစာတွေနဲ့ ရံပုံငွေရှာဖွေရေး ထုတ်ပြန်ချက်တွေမှာ အတိအလင်း ဖော်ပြထားပါတယ်။

ရာသီဥတုဒဏ်နှင့် ကျန်းမာရေး စစ်မျက်နှာ

မိုးရာသီကုန်ဆုံးလို့ ဆောင်းဦးကနေ အအေးဒဏ်ပြင်းထန်တဲ့ ချင်းတောင်တန်းရဲ့ ဆောင်းရာသီထဲကို ရောက်လာတဲ့အချိန်အထိ ရဲဘော်၊ ရဲမေ အများအပြားမှာ အနွေးထည်၊ စောင်နဲ့ ခြင်ထောင်တွေ လုံလောက်စွာ မရှိကြသေးပါဘူး။

မိုးရာသီက ခြင်ကိုက်ခံရတာကြောင့် ဖျားနာမှုတွေအများကြီး ကြုံခဲ့ရပြီး အခု မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ အရေးကြီးကာလမှာလည်း ရဲဘော်တွေ ဖျားနာမှာကို ရဲမေတွေ စိုးရိမ်နေကြပါတယ်။

CDF တပ်ဖွဲ့တွေမှာ ရဲမေအများစုက ဆေးတပ်သားအဖြစ် အဓိကတာဝန်ယူထားကြပေမဲ့၊ သူတို့ကိုယ်တိုင်မှာတော့ ရေရှည်ကုသရမယ့် ကျောက်ကပ်၊ အစာအိမ်ရောဂါတွေနဲ့ အမြဲနီးပါး ခေါင်းမူးတတ်တဲ့ ဝေဒနာတွေအတွက် ဆေးဝါးပြတ်လတ်မှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။

ချင်းအမျိုးသမီးအဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်း (WOCO)၊ ချင်းအမျိုးသမီးကွန်ရက် (CWN) ရဲ့ ထုတ်ပြန်ချက်တွေအရ ချင်းတောင်တန်းဒေသရဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ် (အလွန်အမင်း အေးစက်တဲ့ ရာသီဥတု) နဲ့ စစ်မြေပြင်ဆင်းရတဲ့ ပင်ပန်းဆင်းရဲမှုဒဏ်တွေကြောင့် အမျိုးသမီးရဲဘော်တွေမှာ လစဉ်ဓမ္မတာလာချိန် ကိုက်ခဲတာ၊ သားအိမ်အောင့်တာအပါအဝင် အမျိုးသမီးကျန်းမာရေးဆိုင်ရာ ဝေဒနာခံစားရမှုတွေ အဆမတန် မြင့်တက်နေပါတယ်။

ဒါကြောင့် တပ်ဖွဲ့အတွင်း ဆေးဝါးပစ္စည်းတွေ လုံလောက်မှုမရှိတာကို ကုစားနိုင်ဖို့အတွက် အမျိုးသမီးအဖွဲ့အစည်းတွေက အကိုက်အခဲပျောက်ဆေးတွေ၊ အာဟာရဖြည့်စွက်စာတွေနဲ့ အရေးပေါ်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို ရှေ့တန်းစစ်မြေပြင်အထိ ရောက်ရှိစေရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းပံ့ပိုးပေးနေရကြောင်း ၎င်းတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်ကို တော်လှန်ဖို့ ဘဏ္ဍာငွေခက်ခဲတဲ့ CDF တပ်ဖွဲ့တွေဟာ ရသမျှ အလှူငွေအများစုကို လက်နက်ခဲယမ်းနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေမှာပဲ သုံးစွဲရတာကြောင့် ရဲဘော်၊ ရဲမေတွေကို လစဉ်မုန့်ဖိုး မထောက်ပံ့နိုင်ပါဘူး။ ရဲမေအချို့ဆိုရင် ဖိနပ်တောင် စီးစရာမရှိဘဲ တော်လှန်ရေးတာဝန် ထမ်းဆောင်နေကြရပါတယ်။ မိဘတွေကလည်း စစ်ဘေးရှောင်နေရပြီး အိမ်ခြေမီးရှို့ခံထားရတာကြောင့် သမီးတွေအတွက် ငွေကြေး မထောက်ပံ့နိုင်ကြရှာပါဘူး။

သေမင်းနှင့် ရင်ဆိုင်ရသည့် စစ်မြေပြင်ညများ

လက်နက်ကိုင်တော်လှန်ရေး ၅ နှစ်နီးပါး ကာလအတွင်း ချင်းတောင်တန်းပေါ်ရှိ စခန်းတွေ စစ်ကောင်စီရဲ့ စီးနင်းမှုကို ခံခဲ့ရပါတယ်။ CDF – မတူပီ စခန်း စီးနင်းခံရစဉ်က ဆေးတပ်သားအဖြစ် ပထမဆုံး အတွေ့အကြုံ ကြုံခဲ့ရပုံကို မအန်ဇလာက တုန်လှုပ်ခြောက်ခြားစွာနဲ့ ပြန်ပြောပြပါတယ်။

“ပထမဆုံးအချိန်ဆိုတော့ တအားကြောက်တယ်။ ဒါပေမယ့် ငါမှမကုရင် ဘယ်သူကုမလဲဆိုတဲ့စိတ်နဲ့ လုပ်တယ်။ အကုန်လုံး နောက်ဆုတ်ပြေးရတဲ့ အနေအထားမှာ တချို့သူငယ်ချင်း ရဲမေတယောက်ဆိုရင် ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျတဲ့အဆင့်အထိ ဖြစ်ခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေကို အမြန်ဆုံး သွေးတိတ်အောင် လုပ်ပေးရင်း ပြေးခဲ့ရတယ်”

ရဲမေ မာရီယာတို့ကလည်း ညသန်းခေါင်ယံ အိပ်ပျော်နေတုန်း စခန်းစီးနင်းခံရမှုကြောင့် အိပ်ရာကထပြီး တောတောင်ထဲကို ထွက်ပြေးခဲ့ရတဲ့ လပေါင်းများစွာ ရှိခဲ့ပါတယ်။

ICA ရဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ (၅) နှစ်တာအတွင်း စုစုပေါင်း သေဆုံး/ကျဆုံးမှု (၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၆ ဇန်နဝါရီအထိ) နောက်ဆုံးထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် စုစုပေါင်း ချင်းလူမျိုး ၁,၁၈၃ ဦး သေဆုံး/ကျဆုံးခဲ့ရပါတယ်။

၅ နှစ်တာကာလ (၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ) အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ကျဆုံးမှု ၄၀၅ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အဲဒီအထဲက အမိမြေအတွက် သက်စွန့်ဆံဖျား ပါဝင်ခဲ့ကြတဲ့ ကျဆုံးအမျိုးသမီးရဲဘော် စုစုပေါင်းက ၂၅ ဦးခန့် အထိ ရှိလာကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ အောက်တိုဘာလ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

မျှော်လင့်ချက်အပြည့်နှင့် ရှေ့ဆက်မည့် ခရီးလမ်း

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အလှူငွေရရှိမှု အခြေအနေ ရှင်းတမ်းတွေနဲ့ ထုတ်ပြန်ချက်တွေအရ ပြည်တွင်း/ပြည်ပက ရတဲ့ ထောက်ပံ့ကူညီမှုတွေဟာ မြေပြင်မှာ အမှန်တကယ် လိုအပ်ချက်ရှိနေတဲ့ အမျိုးသမီးရဲဘော်ဦးရေ၊ စစ်ဘေးရှောင်အမျိုးသမီးဦးရေတို့နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းဝန်းကျင်လောက်ပဲ ဖြည့်ဆည်းပေးနိုင်ကြောင်း ဝန်ခံဖော်ပြထားပါတယ်။

ဒါကြောင့် တပ်ဖွဲ့အတွင်းရှိ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘဲ လက်ရှိမှာ အရေးပေါ်အခြေအနေကြုံရတဲ့ ကိစ္စရပ်တွေကိုပဲ ဦးစားပေးအဆင့်အနေနဲ့ တုံ့ပြန်ဖြေရှင်းပေးနေရတဲ့ အခြေအနေဖြစ်ကြောင်း သိရှိရပါတယ်။

ချင်းတောင်တန်းပေါ်က ရဲမေတွေဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ စိတ်ဓာတ်ကျစရာ အခြေအနေတွေအများကြီး ရှိနေပေမဲ့လည်း နောက်ဆုတ်ဖို့ အစီအစဉ်မရှိကြပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်က ချင်းပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ပြီး မိမိတို့ရဲ့ အမိမြေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ရဲမေ အချင်းချင်း ဖေးမကူညီမှု၊ အမျိုးသားရဲဘော်တွေရဲ့ နားလည်ပေးမှုတွေနဲ့အတူ သူတို့ဟာ ရှေ့ဆက်လျှောက်နေကြဆဲ ဖြစ်ပါတယ်။

“အဲ့လိုမျိုးခက်ခဲတာကြုံတဲ့အချိန်မှာတော့ တခါတလေ စိတ်ဓာတ်ကျတဲ့အချိန်တွေလည်းရှိတယ်၊ စိတ်ဖိစီးတဲ့အချိန်တွေလည်း ရှိတယ်။ ဒါပေမယ့် ဒီလိုခက်ခဲမယ်၊ ကြမ်းတမ်းမယ်ဆိုတာ သိသိကြီးနဲ့ ဝင်လာတာဆိုတော့ ဒီတိုင်းပဲ သည်းခံရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ ဒီလိုမျိုး အခက်အခဲတွေနဲ့ပဲ လျှောက်လှမ်းနေပါတယ်” လို့ မအန်ဇလာက ခိုင်မာတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

လက်ရှိမှာ မအန်ဇလာဟာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF-Matupi တပ်ဖွဲ့မှာ ရဲရဲဝံ့ဝံ့ ဝင်ရောက်အမှုထမ်းနေပြီး၊ ယနေ့ထက်တိုင် အမျိုးသားရဲဘော်တွေနဲ့ ရင်ပေါင်တန်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်နေတဲ့ လေးစားဖွယ် အမျိုးသမီးရဲဘော်တစ်ဦးအဖြစ်ဖြတ်သန်းနေပါတယ်။

တောင်ဇလပ်ပန်းတွေ ပွင့်လန်းရာ ချင်းတောင်တန်းမြေပေါ်မှာ မိမိတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေကို စွန့်လွှတ်ပြီး ပြည်သူ့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မအန်ဇလာလို ရဲမေတွေရဲ့ သတ္တိနဲ့ ပေးဆပ်မှုဟာ တော်လှန်ရေးသမိုင်းမှာ အစဉ်အမြဲ မှတ်တမ်းတင်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။

တောင်ဇလပ်ပန်းတွေတွေရဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေးခရီးဟာကြမ်းတန်းပေမယ့် လှပနေပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.