(04SS)
ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှု သိသိသာသာတိုးလာနေပြီး မြို့ပေါ်နေပြည်သူများသည် အပြင်ထွက်ရန်ပင် အိမ်စောင့်မရှိဘဲ မထွက်ရဲသည့်အနေအထားထိ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက “အခုက တီးတိန်မြို့ထဲမှာ မူးယစ်ဆေးသုံးစွဲသူများလာတယ်၊ အဲလိုလူတွေက အလုပ်လုပ်ဖို့ထက် သူတို့မူးယစ် ဆေးဝယ်နိုင်ဖို့ ခိုးလာကြတယ်၊ အဲလိုနဲ့ ခိုးရာပါပစ္စည်း လက်ခံတဲ့သူလဲရှိတယ်ပေါ့။ ဒါကြောင့်လဲ အခုဆို ခိုးလို့ရ တာမှန်သမျှခိုးကြတယ်၊ အထူးသဖြင့် ဆိုင်ကယ် ပျောက်တာတွေများလာတယ်ပေါ့နော်။ ဒေသခံတွေက အပြင် သွားမယ်ဆို အရင်လို အိမ်သော့ခတ်လိုက်ရုံနဲ့ မသွားရဲကြတော့ဘူး၊ အများအားဖြင့် တနင်္ဂနွေနေ့ ဘုရား ကျောင်း တက်ရင် အိမ်စောင့် တစ်ယောက်လောက်ရှိမှ သွားရဲတော့တဲ့အခြေအနေပေါ့” ဟု တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာလာသည်နှင့်အမျှ အဘက်ဘက်မှ ကျဆင်းလာသည့် စီးပွါးရေး၊ လူမှုရေး၊ ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့် အလုပ်ရှားပါးမှုများ ကြုံတွေ့နေကြရသည့်အပြင် မူးယစ်ဆေးသုံးစွဲမှု များလာသလို အဖွဲ့လိုက် ခိုးဆိုးလုယက်မှု များပြားလာခြင်းဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သည့် မတ်လမှစတင်ကာ တီးတိန်မြို့အတွင်း ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ် ၁၄ စီးအား တီးတိန်မြို့ပေါ် စကောလမ်းရပ်ကွက်နေ ခိုးရာပစ္စည်းလက်ခံသူထံမှ လူငယ်အဖွဲ့က ပြန်လည်သိမ်းသူနိုင်ခဲ့ပြီး ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
တီးတိန်းမြို့ပေါ်၊ စကောလမ်းရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် ခိုးရာပါဆိုင်ကယ်များ လက်ခံပေးနေသူအား တီးတိန်မြို့လူငယ်များက မေလအတွင်း ဒုတိယအကြိမ် သတိပေးခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် ၎င်းသည် သူ့သမက်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဆိုသည်။
လွန်ခဲ့သည့်တစ်ပါတ်အတွင်း ချင်းအိုးတစ်လုံးနှင့် ရွှေဆွဲကြိုးခိုးခဲ့သူ ဦးကိမ်းရှန်းမုန်အား တီးတိန်မြို့ Leilum ရပ်ကွက်တွင် လူငယ်များအဖွဲ့မှ ဖမ်းမိကာ ၎င်းထံမှ ခိုးရာပါပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ယခုနှစ် ၂၀၂၃ နှစ်ဆန်းပိုင်းမှ ယနေ့အထိ တီးတိန်မြို့ပေါ်ရှိ ရပ်ကွက်လူငယ်များထံ အကြောင်းကြားခဲ့သည့် ပျောက်ဆုံးဆိုင်ကယ် အစီး ၃၀ ကျော်ရှိနေပြီး တချို့က ပြန်လည်ရရှိသော်လည်း တချို့မှာ ပြန်မရနိုင်တော့သည့် သူများလည်းရှိနေသည်။
တီးတိန်မြို့ပေါ်တွင် ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲမှု ခိုးဆိုးမှုများလာသည့်အပေါ် လူငယ်များမှ ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။
တီးတိန်မြို့ပေါ် လူငယ်တစ်ဦးက “အခုလိုမျိုး ခိုးဆိုးသူတွေကို ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးနိုင်ပေမဲ့ ထိရောက်တဲ့ အရေးယူမှုဆိုတာ ကျွန်တော်တို့အနေနဲ့ ခက်တယ်။ ဘာလို့လဲဆိုတော့ ဖမ်းသာဖမ်းတာ သူတို့ကို ထောင်ချဖို့ဆိုလဲ ကျွန်တော်တို့မှာမရှိဘူး။ ပြည်သူတွေလုံခြုံဖို့ စစ်ကောင်စီလက်အောက် ရဲတွေကလည်း သူတို့စခန်းထဲကနေ အပြင်ကို မထွက်ရဲကြဘူးလေ။ အရပ်ဝတ်နဲ့ ထွက်လာတဲ့ချိန်လောက်ပဲရှိတာ။ ဆိုတော့ အဲလိုဆောင်ရွက်ပေးတာမျိုး မရှိဘူး။ ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးဘက်ကလဲ လောလောဆယ်အထိ အရေးယူဖမ်းဆီးတာ မတွေ့ရသေးဘူး။ ပြည်သူတွေကတော့ စိုးရိမ်နေကြတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ခိုးဆိုးလုယက်မှု များလာရခြင်းမှာ မြို့တွင်း မူးယစ်ဆေးရောင်းဝယ်သူများ၊ မူးယစ်ဆေး သုံးစွဲသူများနှင့် ခိုးရာပါပစ္စည်း လက်ခံပေးနေသူများကြောင့်ဖြစ်ပြီး ၎င်းတို့အား အမြစ်ပြတ်ခြေမှုန်းနိုင်ရန် ထိရောက်သည့် အရေးယူမှုများလိုအပ်ကြောင်း တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ဆိုပါသည်။