ရေး – Salai Van Cung Lian (UK)
နိဒါန်း
လူမျိုးတစ်မျိုးတွင်အမျိုးသားနေ့ ရှိအံ့ရှိထိုက်သည့် အားလျော်စွာ ချင်းလူမျိုးတို့အတွက် ချင်းအမျိုးသားနေ့ ကိုရုပ်လုံး ပေါ်အောင်အကောင်အထည်ဖော်ရာတွင် အဓိကဗိသုကာ တစ်ဦးဖြစ်သူ၊ တိုင်းတစ်ပါးသား လက်အောက်ဘဝ၌ ကောင်းစားနေရခြင်းထက် အချုပ်အချာအာဏာပိုင် လွပ်လပ်သောနိုင်ငံသားဘဝတွင် ဆင်းရဲသားအဖြစ်နေရသည်က ပို၍မွန်မြတ်သည် ဟုခံယူပြီး ဗြိတိသျှနယ်ချဲ့တော်လှန်ရေးအား ဦးဆောင်ခဲ့သည့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ အကြောင်းမကြားဖူးသူ ရှိလိမ့်မည်မထင်။
ဦးဝမ္မသူးမောင်း အကြောင်းမသိသေးသူ၊ မကြားဖူးသူ ရှိနိုင်သော် ငြားလည်းဘဲ သူဦးဆောင် အကောင်ထည်ဖော်ခဲ့သည့် ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့အတွက် မော်ကွန်းတင်ရသည်သာမက နောင်အစဉ် ထာဝရဥဒါန်းတွင်ရပ်မည့် နေ့ထူနေ့မြတ်ကိုမူ အားလုံးသိရှိကြမည် ဟုယုံကြည်မိပါသည်။ ဤဆောင်းပါတွင် ဦးဝမ္မသူးမောင်း၏ အမျိုးသားရေးအတွက် ဆောင်ရွက်ချက်များကို ဖော်ပြသွားမည်ဖြစ်သည်။
ငယ်စဉ်ဘဝနှင့် ဗြိတိသျှစစ်တပ်ထဲသို့ အမှုထမ်းခြင်း
ဦးဝမ္မသူးမောင်းသည် ၁၉၀၀ ခုနှစ် ဧပြီလတွင် ဦးမောင်းထန်းပက်နှင့် ဒေါ်လောမာန်ရောင်တို့မှ ဖွားမြင်ပြီး၊ မွေးရပ်ဇာတိ ဝမ္မသူးရွာ (မင်းတပ်မြို့နယ်) ကိုအစွဲပြု၍ ဝမ္မသူးမောင်းဟု ခေါ်ကြခြင်းဖြစ်သည်။ သူ၏နာမည် အရင်းမှာ ထန်းပက်မောင်းဖြစ်ပြီး နယ်ချဲ့ဗြတိသျှ နှင့် ဖက်ဆစ်ဂျပန် တော်လှန်စဉ်ကာလအချိန်များတွင် သခင်အောင်မောင်း ဟုလူသိများခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ၁၉၁၀ ခုနှစ်တွင်မင်းတပ်မြို့ အစိုးရမူလတန်းကျောင်း၌ စတုတ္ထတန်းအထိ သင်ကြားခဲ့ပြီးနောက် ၁၉၁၅ ခုနှစ်တွင် ယောဒေသ တောင်းတက် ဘုန်းကြီးကျောင်း၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ဗြိတိသျှကျေးစားတပ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၁၈ တွင်အန္ဒိယရာထူးအဆင့် Havildar (တပ်ကြပ်ကြီး)၊ ၁၉၁၉ တွင် Jemadar (ဗိုလ်) နှင့် ၁၉၂၂ တွင် Subedar (ဗိုလ်ကြီး) ထိ ရရှိခဲ့သည်။
၁၉၁၉ ခုနှစ် မြန်မာနိုင်ငံ လုံးဆိုင်ရာ အပြေးပြိုင်ပွဲကို အောင်ဆန်းအားကစားကွင်း (ထိုစဉ်က ဘီအေအေကွင်း) တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ငွေခွက်နှင့် ငွေတံဆိပ်ဆုများ ရရှိခဲ့သည်။ ၁၉၁၈-၁၉ ခုနှစ်များတွင် ဗြိတိသျှ စစ်တပ်ချင်းတောင်တပ်ရင်း သည် ချင်းတောင်တန်း တစ်လျှောက် နှင့် ကူကီး နယ်တို့တွင် ဗြိတိသျှအစိုးရအား ပုန်ကန်သည့်ရွာများအား နှိမ်နှင်း ရာတွင်သူပါဝင်ရင်း သူရဲကောင်းဆုတံဆိပ်များရရှိခဲ့သည်။ သူစစ်ဆင်ခဲ့သည် ဒေသများမှ လူသားတို့သည် သူကြီးပြင်းရာ ဒေသနှင့် အိမ်၊ အစားအသောက်၊ ဝတ်စာဆင်ယင်မှုများ တူညီပြီး သူတို့သည် ချင်းလူမျိုး များပင် ဖြစ်ကြောင်း သူတွေ့မြင်နားလည်လာခဲ့ သည်။ ဤကဲ့သို့ ဗြိတိသျှတို့၏ လက်အောက်တွင် အမှူထမ်းရင်း ချင်းလူမျိုး အချင်းချင်း သတ်ဖြတ်နေကြသည်ကို မုန်းတီးလာခဲ့ရာ ကြေးစားတပ်မှ ထွက်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
သူသည် ၁၉၂၂ ခု ဇူလိုင်လ ၂၉ ရက်စနေနေ့တွင် မန္တလေးမြို့ မိုးဓားကျောင်းတိုက်၌ ဝံသာနုအသင်းမှ ရခိုင်ဆရာတော် ဦးဥတ္တမ ၏နိုင်ငံရေးတရားပွဲတွင် အစောင့်တာဝန်ချထားခြင်း ခံခဲ့ရသည်။ ထို တရားပွဲတွင် အစောင့် တာဝန်ကျရာမှ ရုပ်ဖျက်ပြီး ဆရာတော် ဦးဥတ္တမ ဟောကြားသည့် ဝံသာနု ရက္ခိတတရားများ ကြားနာခဲ့သည်။ ထိုတရားပွဲတွင် ဆရာတော်ဟောကြားသည်မှာ မိမိအမျိုးသားများကို မိမိတို့စောင့်ရှောက်မည်၊ မိမိနိုင်ငံကို မိမိတို့ဘာသာ စောင့်ရှောက်ရမည် ဟူသောဟောကြားချက်အား ဦးဝမ္မသူးမောင်း ကြားပြီးနောက် နိုငံရေး၊ တော်လှန်ရေးနှင့် လွတ်လပ်ရေး အတွက်လုံးပန်းလိုသော ဆန္ဒပြင်းပြထက်သန်လာပြီး ဗြိတိသျှ စစ်တပ်မှ ထွက်ခွာရန် ဆုံးဖြစ်ခဲ့သည်။ စစ်တပ်မှ ထွက်ခွင့်ပေးရန် တပ်ခွဲမှူး နောက်ပြီး တပ်ရင်းမှူး တို့ထံတင်ပြခဲ့ သော်လည်းထွက်ခွင့် မပေးခဲ့ချေ။ သူကိုယ်တိုင် စိန်မလား စစ်ဌာနချုပ်သို့ ကြေးနန်းဖြင့် ထွက်ခွင့်တောင်းခဲ့သည့်နောက် မေမြို့ရှိ စစ်မင်းကြီးနှင့် တပ်ရင်းမှူးထံသို့ ထပ်မံပြောပြပြီးနောက်မှသာလျှင် ထွက်ခွင့်ရရှိခဲ့သည်။ ဤသို့ဖြင့် ဦးဝမ္မသူးမောင်းသည် ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်တွင် ဆူဗဒါ (ဗိုလ်ကြီး) ရာထူးဖြင့် ဗားမားရိုင်ဖလ် တပ်ရင်း (၂၀) မှ ထွက်ခွာခဲ့သည်။
နိုင်ငံရေးလမ်းစထွင်ခြင်း
ဗြိတိသျှစစ်တပ်မှ မထွက်ခွာမီ မေမြို့ရှိစစ်ဖက်နှင့်အရပ်ဖက်ရှိ ချင်းအမျိုးသားများထံမှ ကျောင်းဆောင်ဆောက်လုပ်ရန် အတွက် အလှူငွေကောက်ခံခဲ့သည်။ စစ်တပ်မှ ထွက်ခွာပြီးနောက် ချင်းတောင်သို့ပြန်လာခဲ့ပြီး မောဒေသ၊ နှောဒေသ၊ ယောဒေသတို့တွင် ကျောင်းဆောင်ဆောက်လုပ်ရန် အလှူငွေများ ထပ်မံ ကောက်ခံသည်။ သူကောက် ခံရရှိငွေ (၈၈၉၇ ကျပ် တမူး နှစ်ပိုင်း) ဖြင့် အလျား (၄၀ ပေ)၊ အနံ (၃၀ ပေ) ရှိနှစ်ထပ်ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုးကျောင်းဆောင်ကို မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာ၌ ဆောက်လုပ်ခဲ့သည်။ ၁၉၂၉ ခုနှစ်မေလ ၃၁ ရက်နေ့တွင် လူထုပရိတ်သတ်များကို ကျောင်းအောင်ပွဲ အမည်ဖြင့် ဖိတ်ခေါ်ပြီး ထိုပွဲတွင် လှိရုံးသူကြီး ဟာထန်းအွမ် အမှူးပြု၍ လျှို့ဝှက်နိုင်ငံရေးလုပ်ငန်းအား တည်ထောင်ခဲ့ကြသည်။
ဦးဝမ္မသူးမောင်းသည် သူတည်ဆောက်ခဲ့သည့် ဝမ္မသူးရွာတွင် ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း တော်လှန်ရေး အတွက် စည်းရုံးရေးလုပ်ငန်းများအား လျို့ဝှက်ဆောင်ရွက်ခဲ့သည်။ ထို့နောက် တာ်လှန်ရေးအတွက် ချင်းတောင်တစ်ခုတည်း ဖြင့် မဖြစ်နိုင်ကြောင်း၊ ဗမာပြည်မရှိ နိုင်ငံရေးအသင်းများနှင့် ဆက်သွယ်ရန်လိုအပ်သည် ကိုနားလည်လာသည်။ ထိုသို့ဆက်သွယ်ရာတွင် ဘာသာရေးသည် အဓိကဖြစ်ကြောင်းလည်းနားလည်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၆ မှ ၁၉၂၉ နှစ်များအတွင်း ပြည်မရှိ ဗုဒ္ဓသာသနာကျောင်းတိုက်ဆရာတော်များနှင့်ဆက်သွယ်ခဲ့ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရင်း အမျိုးသားရေးအတွက်ပြည်မရှိ နိုင်ငံရေးအသင်းများ၊ နောက်ပြီး မန္တလေးဦးဘသီ (ဝံသာနု)၊ ပခုက္ကူ ဦးဘိုးသိန်း နှင့် ဦးမျိုးညွန့် တို့နှင့် လည်းကောင်း ဆက်သွယ်ခဲ့သည်။ သူတို့ထံမှ နိုင်ငံရေးကူညီမှုများပေးရန် သဘောတူညီ မှုများရှိခဲ့သော်လည်း လက်တွေ့တွင်မူ အကူအညီမရရှိခဲ့ပေ။ ချင်းတောင်အတွင်း တော်လှန်ရေး စည်းရုံးရေး လုပ်ငန်းများကိုမူ ဦးဟာထန်းအွမ်၊ ဦးအွမ်နိန်း၊ ဦးလောကီးလိန်း၊ ဦးယောလိန်း တို့နှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
စစ်တပ်မှ ထွက်ခွာပြီးသည်နောက်ပိုင်း ဦးဝမ္မသူးမောင်း၏လုပ်ရပ်များအား ထိုအချိန် ဗြိတိသျှ ကန်ပက်လက် ရဲအရာရှိ Khin Maung (Assistant Superintendent) မှ မကွေးတိုင်းဝန်တော်ရှင်မင်းကြီးထံသို့ ပေးပို့သည့် အစီရင်ခံစာတွင် “သူစစ်တပ်မှ ထွက်ခွာပြီးနောက် ၁၉၂၅ ခုနှစ်တွင် မုန်းချောင်းဒေသ အတွက် (Sub Inspector of Police) နေရာအား လျောက်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထို့နောက် ဝမ္မသူးရွာရှိ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီး U Mang Bawi သည်ဗြိတိသျှ ရဲတပ်ဖွဲတွင် အမှုထမ်းပြီး နောက် ဦးဝမ္မသူးမောင်းမှ သူ့အားဆက်ခံခဲ့သည်။ ထို့နောက်မေမြို့ရှိချင်းရဲဘော်များ၊ မောဒေသ၊ နှောဒေသ၊ ယောဒေသတို့တွင် ကျောင်းဆောင်ဆောက်လုပ်ရန် အလှူကောက်ခံပြီး ပျဉ်ကာ သွပ်မိုးကျောင်းဆောင်ကို ဆောက်လုပ်ခဲ့သည်။ မင်းတပ်မှကျောင်းအုပ်ကြီး U Mang Kin သည်သူ့လက်ထောက်ဖြစ်လာခဲ့သည်။
၁၉၃၂ ဒီဇင်လာလ ၁၈ ရက်တွင် အေ့ရှမော နှင့် နောက်မောဒေသအတွက် ရွာသူကြီးနောရာကိုလည်းကောင်း၊ ၁၉၃၇ မတ်လ ၈ ရက်တွင် ရွာတစ်ချို့အား စုပေါင်းပြီး သူ့အား သူကြီးအဖြစ် ခန့်အပ်ရန် Governor of Burma ထံသို့လျှောက်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထို့နောက် ယောဒေသတွင် လယ်ဧက ၅၀ လျှောက်ထားရာမှ ၁၀ ဧကသာရရှိခဲ့သည်။ ဤကဲ့သို့ သူ့အားအကြိမ်ကြိမ် ငြင်းဆန်ခဲ့သည့် နောက်ပိုင်း အစိုးရတော်လှန်ရေးဘက်သို့ ဦးတည်လာခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ချစ်လှိုင်ခေါင်းဆောင်သော ဂျီစီဘီအေ အသင်းနှင့် ဆက်သွယ်ခဲ့ပြီး ထိုအသင်းကသူ့အား ဝင်ကြေးအဖြစ် Rupees/20 ပေးစေပြီး ချင်းတောင်တွင် နိုင်ငံရေးဟောပြောရန် နှင့် မြန်မာစာထွန်ကားရေး ဆောင်ရွက်မှုများ ပြုရန် ခွင့်ရရှိခဲ့သည်။ (ဂျီစီဘီအေ သည် မြန်မာတစ်နိုင်ငံလုံးမှ အမည်အမျိုးမျိုးရှိ အသင်းအဖွဲ့များစုစည်းသည့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး အသင်းကြီးဖြစ်သည်။) ဦးထွန်းဖေ မှသူ့အား ၁၉၃၅ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဗြိတိသျှအစိုးရအရေး နှင့် ဝင်ရောက်စွက်ဖက်မှူမလုပ်ရန်ုသတိပေးခဲ့သည် ” ဟူ၍ဖော်ပြခဲ့သည်။ အမှန်စင်စစ် ဦးဝမ္မသူးမောင်းသည် ဗြိတိသျှ တို့အား တော်လှန်ရေးအဓိဌာန် ဖြင့်နှုတ် ထွက်လာခဲ့ခြင်းဖြစ်ပြီး သူဆောက်လုပ် ခဲ့သော အမျိုးသား ကျောင်းတွင် ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း နယ်ချဲ့ တော်လှန်ရေးလုပ်ငန်းများအား ၁၉၂၅ မှစတင်ကာ မြေအောက်လျို့ဝှက် စည်းရုံးခဲ့သည်။
ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ နှင့်လှုပ်ရှားမှုများ
ဦးဝမ္မသူးမောင်း ဦးဆောင်သောချင်းအမျိုးသားတို့သည် ဗြိတိသျှတို့အား စည်းလုံး ညီညွတ်စွာချဲ့တို့အားပြန်လည်တိုက်ခိုက်နိုင် ရန် အတွက် ၁၉၃၃ ခုနှစ်၊ မတ်လ ၂၃ နှင့် ၂၄ တွင် ကန်ပက်လက်နယ် (ယခုမင်းတပ်နယ်) နှော်ချောင်းတိုက် နယ်သုံနူးရွာတွင် ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (အဖွဲ့) အား ဖွဲ့စည်းလိုက်ကြသည်။ အဖွဲ့သည် ဗြိတိသျှတို့ထံသို့ တောင်းဆို ချက်များပြုလုပ်ရန် လည်းဆုံးဖြတ်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကို ဦး ဦးဝမ္မသူးမောင်းက သူ၏မှတ်စုထဲတွင် “အဖွဲ့အမည်ကို (ခ.မ.ည.ဖ) ချင်းအမျိုးသားများညီညွတ်ရေးအဖွဲ့ခေါ်တွင်ရန်၊ အဖွဲ့၏ ရည်ရွယ်ချက်မှာ လွတ်လပ်ရေး မရရအောင်ယူရန် နှင့် လုပ်ငန်းစဉ်အားဖြင့် စီးရုံးရေးအပိုင်းကို အမွမ်းတင်ချီတက်ရန်စသည်ဖြင့် ဆောင်ရွက်ရန်တို့ ဖြစ်သည်။
အဖွဲ့၏တောင်းဆိုချက်များအတွက် ဦးဝမ္မသူးမောင်းက ရေးသားစီစဉ်ရန်၊ လက်တွေ့အားဖြင့် မသုန်နူးထန်းတမ်၊ ဦးအွမ်နိန်း နှင့် ဦးကီးမန်းတို့က မူလဆက်သွယ်ပြီးဖြစ်သော (ရေနံချောင်းမြို့မှ ဦးဘဦး၊ ဦးဘသီ၊ ပခုက္ကူမြို့မှ ဦးဖိုးသိန်း၊ ဦးမျိုးညွှန့်၊ သခင်အံကြီး စသူများ) နီးရာပါလီမန်အမတ်များမှတစ်ဆင့် နိုင်ငံတော်အစိုးရထံသို့ အရေးဆိုပေးရန် ဖြစ်သည်။ ထိုသို့ အရေးဆိုရန်အချက်များကို ရေးဆွဲရေးကော်မတီတွင် ဦးဝမ္မသူးမောင်း၊ ဦးအွမ်နိန်း၊ ဦးကီးမန်း၊ ဦးထန်းတမ်၊ ဦးဂေလောဟာ၊ ဦးဝမ္မသူငိုင်း၊ ဦးအွမ်ဟာ၊ ဦးကီးဖေလိန်း၊ ဦးခွီကီးနိန်၊ ဦးခွီရှိန်းငိုင်း၊ ဦးလောအွမ်ဟာ၊ ဦးမောင်းရှိန်း တို့ဖြစ်သည်။
ထို့သို့ဖွဲ့စည်းပြီးနောက် ဝမ္မသူးရွာတွင်တစ်ကြိမ်၊ မသုန်နူးရွာတွင်တစ်ကြိမ် အစည်အဝေးခေါ်ယူပြီး အဖွဲ၏ အရေးဆိုမည့် အကြောင်းများကို အတည်ပြုခဲ့ကြသည်။ ၁၉၃၄ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ယောချောင်းတိုက်နယ် ဝရဲရွာတွင်၊ ညီးလာခံကြီး ကျင်းပခဲ့ပြီးနောက်အဖွဲ့၏ လုပ်ငန်းစဉ်များနှင့် ဗြိတိသျှအစိုးရထံသို့ အရေးဆိုမည့် အချက်အလက်များကို အထည်ပြုခဲ့ကြသည်။ ယင်းတင်ပြချက် (၉) ချက်များမှာ ဦးဝမ္မသူးမောင်း၏ မှတ်စုထဲတွင် အောက်ပါအတိုင်း ရေးသားထားသည်။
၎င်းးတို့မှာ –
(၁) တိုက်သူကြီး၊ ရွာသူကြီးများအား အာဏာရှင်ဆန်သော သြဇာအာဏာများ ပေးထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန်၊
(၂) ချင်းတောင်တွင် မြန်မာစာပေများ ကန့်ကွက်ရုပ်သိမ်းခြင်းကို အမြန်ဆုံးပြန် လည်သင်ကြားခွင့်ပြုရန်၊
(၃) ချင်းတောင်နယ်အတွင်း ကိုလိုနီအုပ်ချုပ်ရေးဥပဒေများ ကျင့်သုံးခြင်းကို ရုပ်သိမ်းလျက် ချင်းအမျိုးသားများပါဝင်ရေးဆွဲသည့် တရားဥပဒေများကိုသာ ချင်းတောင်တွင် ပြဌာန်းပေးရန်၊
(၄) တောင်တန်းဒေသများအား ခြွင်းချန်ထားသောနယ်အဖြစ် သတ်မှတ်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန်၊
(၅) မြန်မာပြည်မအား ၉၁ ဌာန အုပ်ချုပ်ရေးပေးသကဲ့သို့ ချင်းတောင်လည်း အကျိုးခံစားနိုင်ခွင့်ပေးရန်၊
(၆) များမကြာမီ (သို့) အချိန်ကာလအားလျော်စွာ မြန်မာပြည်မအား လွတ်လပ်ရေးးပေးသည်နှင့် တစ်ချိန်တည်း ချင်းတောင်ကိုလည်း လွတ်လပ်ရေးပေးရန်၊
(၇) လောလောဆယ် အားဖြင့် ဘာသာရေးချုပ်ချယ်မှုများကိုရုတ်သိမ်းပေးရန်၊ ဘာသာရေးလွပ်လပ်ခွင့်ပေးရန်၊
(၈) လူ့လောက၊ လူ့ဘ၀ ချုပ်ချယ်မှု ညင်းပန်းမှုအားလုံးတို့ကို အခြားတိုင်းနိုင်ငံနည်းတူ အခွင့်အရေးပေးရန်၊
(၉) နီးယာတိုင်းပြည်နိုင်ငံများနှင့် ကူးလူးဆက်ဆံမှု တိုင်ပင်ဆွေးနွေးခွင့်များ အစိုးရက အမြန်စီစင်ပေးရန် သို့တည်းမဟုတ် ချုပ်ချယ်မှု မပြုရန် တို့ဖြစ်သည်။
အထက်ပါတောင်းဆိုချက်များကို ဦးအွမ်နိန်၊ ဦးကီးမာန် တို့ကဦးဆောင်ပြီး ပခုက္ကူမြို့ ဝံသာနု အမတ်များမှ တစ်ဆင့် လွှတ်တော်တွင်အရေးဆိုပေးရန် ဟူသောဆုံးဖြတ်ချက်လည်း ချမှတ်ခဲ့ကြသည်။ထိုညီလာခံကြီးမှစ၍ အဖွဲ့သသည်မြေအောက်နိုင်ငံရေးအသွင်ဖြင့် ချင်းတောင်တွင်မားမားမတ်မတ်ရပ်တည်နိုင်ခဲ့သည်။ အမျိုးသားအဖွဲ့သာမက အမျိုးသားအဖွဲ့များသည်လည်း နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်လာကြပြီး အဖွဲ့သည် တစ်အိမ်လျင် အသင်းထောက်ပံ့ကြေးအတွက် တစ်မတ်ကောက်ယူခြင်း စသည်ဖြင့် လှုပ်ရှားခဲ့ကြသည် ။ ကန်ပက်လက်ရဲတပ်ဖွဲ့မှ Lt.Khin Maung အစီရင်ခံစာကို (No.1771-2V Dated.10-10-1939) တွင် ဒေသလိုက် အသင်းအတွက် လစဉ်ထောက်ပံ့ကြေးမှာ Rupees-8 ဖြစ်သည်။ အသင်းသား ၁၀၃၀ ရှိပြီဖြစ်ကြောင်း ဦးဝမ္မသူးမောင်းမှ သူ့ထံသို့ ကြုံးဝါးခဲ့သည်။
ထို့အပြင် Tlangpang (Rupees-20), Teivar (Rs-4), Bawisih (Rs-20), Haltu (Rs-5), Leishih (Rs-10), Lungkhai (Rs-20), Velaung (Rs-30), Kyawnomkwiman, Kyagnam (Rs-10), Shitvanu (Rs-10), Shitvata (Rs-10), Ranlaung (Rs-5/8), Ranglaung (Rs-10), Pyung (Rs-5), MkhrumMakhyum, Tuiding (Rs-20), Ro (Rs-4) စသည့် ရွာအသီးသီးမှလည်း အဖွဲ့အား ထောက်ပံ့ခဲ့ကြသည်။
အဖွဲ့၏လှုပ်ရှားမှုအား ချင်းတောင်အရေးပိုင် L.B.Naylor မှ မကွေးတိုင်းဝန်တော်ရှင်မင်းထံသို့ ပေးပို့သောအစီရင်ခံစာ (No.3661 Falam, Dated 30-10-39) တွင် ဦးဝမ္မသူးမောင်း၊ ဦးဝမ္မသူငိုင်း၊ ဦးဝရဲလောဟာ တို့မှဦးဆောင်ကာ ချင်းတောင်ညီညွတ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ သူတို့၏တောင်းဆိုချက် ပထမနှစ်ချက်သည် လိုက်လျောနိုင်ခြေရှိသော်လည်း၊ တတိယအချက် ဖြစ်သော ချင်းတောင် (ကန်ပက်လက်နယ်)အား ပြည်မသို့သတ်သွင်းရမည့် တောင်းဆိုချက်မှာ လုံးဝမဖြစ်နိုင်ကြောင်း၊ သူတို့သည် အစိုးရစီသို့ တောင်းဆိုချက်များ မကြာခဏတင်ပြလေ့ရှိကြောင်း၊ သူတို့၏ညီလာခံအကြောင်း နှင့် အစိုးရမှ ပခုက္ကူနယ်နမိတ်အား ပြန်လည်ဖွဲ့စည်းရန်တိုက်တွန်းမှုအကြောင်းများလည်း ၂၅-၀၂-၁၉၃၉ ရက်နေ့ထုတ် တိုးတက်ရေးသတင်းစာတွင် ဖော်ပြခဲ့ကြောင်း၊ ဒို့ဗမာအစည်းအရုံးမှလည်း သခင်ဝါဒကို တောင်တန်းဒေသတွင် တိုးချဲ့ရန် ၀၅-၀၇-၁၉၃၉ တွင်ဆုံးဖြတ်ခဲ့ကြကြောင်း၊ ဦးထန်တမ်နှင့် အဖွဲ့ဝင် ၂၇ ဦးတို့မှလည်း ကန်ပက်လက်နယ်ကို ပခုက္ကူနယ်ထဲသို့ သတ်သွင်းရန်အတွက် ပါလီမန်သို့တင်ပြချက်ကိုလည်း ဗဟို အစိုးရမှပယ်ချခဲ့ကြောင်း၊ ထိုသူတို့လုပ်ဆောင်ချက်သည်လည်း ဦးဝမ္မသူးမောင်းမှ ဦးစီးဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သူ၏လှုပ်ရှားမှုသည် တစ်နေ့တစ်ခြားဆိုးရွားလာသည်သောကြောင့် သူ့အားဖမ်းဆီးပြီး တီးတိန်သို့ပို့ခြင်ကြောင်း၊ သို့သော် ချင်းတောင်အက်ဥပဒေအသုံးပြုရန် အထောက်အားမလုံလောက်သေးကြောင်း၊ ဒီအတိုင်းသာသူ့အား ဖမ်းဆီးမည်းဆိုရင် ပါလီမန်မှ ကျွှန်တော်တို့မေးခွန်းများစွာ မေးခံရမည်ဖြစ်ပြီး အစိုးရအားအရှက်ရစေမည်ဖြစ်ကြောင်း၊ ထမဆုံးအနေဖြင့် အဖွဲ့အား Criminal Law Amendment Act 1908 (Article 16) အရ အမတရားအသင်းကြေငြာသင့်ကြောင်း၊ နောက်ပြီး သူအား ဖမ်းဆီးနိုင်ရန်အတွက် မကွေးတိုင်းဝန်တော်ရှင်မင်းအနေဖြင့် ဗဟိုအစိုးရအား အမြန်ဆုံးခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း အစီရင်ခံခဲ့သည်။
မကွေးတိုင်းဝန်တော်ရှင်မင်း Mr. A Mccraken နှင့် ချင်းတောင်အရေးပိုင် Mr. L.B Naylor တို့သည် အဖွဲ့ခေါင်းဆောင်များအား ဖမ်းစည်းနိုင်ရန်အတွက် Criminal Law Amendment အပြင် Criminal Procedure Code 107 & 108 တို့ဖြင့်လည်းကောင်း ဖမ်းစည်း နိုင်ရန်ကြိုးပမ်းကြရတော့သည်။ ၎င်းးတို့၏ ဗဟိုအစိုးရသို အကြိမ်ကြိမ် တင်ပြချက်များကိုလည်း ဗဟိုအစိုးရမှ “ဦးဝမ္မသူးမောင်းအား ၎င်းးဥပဒေများနှင့် ဖမ်းဆီးနိုင်ရန်အတွက် သက်သေအထောက်အထား မလုံးလောက်ကြောင်း” ဟူ၍ပယ်ချခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။