Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ဒီတော်လှန်ရေးကနေ ချင်းတွေ ဘာလိုချင်သလဲ

ဒီတော်လှန်ရေးကနေ ချင်းတွေ ဘာလိုချင်သလဲ

0
By Editor on October 23, 2024 Featured

ရေး – သြသနီရယ်လ် တင်မ်ပို

(၁)

ယခုဆင်နွဲနေသောတော်လှန်မှုကနေ ချင်းတို့ ဘာတွေလိုချင်သနည်း။ ချင်းတို့ လိုချင်သောအရာကို ချင်းတွေကိုယ်တိုင် ရှင်းလင်းခိုင်မာစွာ သိရှိကြပြီလား။ ပြည်မဘက်က သို့မဟုတ် အခြားသော တိုင်းရင်းသားများပြောသောအရာများကို သံယောင်လိုက်၍ ဆင်တူယိုးမှားလိုက်နေကြခြင်းလား။ ဤမေးခွန်းကို မေးလိုက်သည့်အတွက် စာရေးသူအား တယ်ညံ့သေးတာပဲဟု ပြောလျှင်လည်း ခံပါ မည်။ ကျွန်ုပ်တို့ ဘာလိုချင်တာလဲ။ ဘာရဖို့အတွက် အသက်တွေပေး၍ တော်လှန်နေကြတာပါလဲ။

(၂)

စစ်ကောင်စီကို မကြိုက်လို့၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို မကြိုက်လို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ချင်လို့၊ ချင်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူ ညီမျှမှုလိုချင်လို့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်စွဲကိုင်သည်အထိတော်လှန်နေကြခြင်းဖြစ် သည်စသည်ဖြင့် ပြောကြပါလိမ့်မည်။ ယင်းအချက်များတွင် အမှားမရှိပါ။ ယင်းအချက်များသည် ချင်းတော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်နေကျ ထုတ်ပြန်ချက်များတွင် အမြဲ တွေ့မြင်နေကျ စာသားများဖြစ်ပါသည်။ သို့သော် ထိုထက်ပို၍ ရှင်းလင်းတိကျဖို့လိုအပ်ပါလိမ့်မည်။

လက်ရှိနွေဦးတော်လှန်ရေးဟုခေါ်ကြသော ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော် တနည်း စစ်တပ်က နိုင်ငံ တော်အာဏာကို သိမ်းယူလိုက်ခြင်းကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည့် ဗဟိုအာဏာချုပ်ကိုင်သူ အား ဆန့်ကျင်တော်လှန်မှုသည် ဦးဆောင်သူနှင့်ဦးဆောင်မှုအဖွဲ့အစည်းအပြောင်းအလဲ (Regime Change) မဟုတ်၊ စနစ်ပြောင်းခေတ်ပြောင်း (System Change) ဖြစ်ကြောင်း ပြောခဲ့ကြပါသည်။ သို့ ဖြစ်လျှင် မည်သို့သော စနစ်မျိုး၊ ခေတ်မျိုးကို မိမိတို့ချင်းတွေက လိုချင်ပါသနည်း။

ပြည်မအပါအဝင် အခြားတိုင်းရင်းသားတို့၏ စဥ်းစားချက်များကိုကြည့်ပါမည်။ NUG က စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ဖြစ်သည်ဟုဆိုပါသည်။ သို့သော် မည်သို့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမျိုးလဲဟု ပြန်မေးလျှင် အဖြေသည်မျိုးစုံဖြစ်ပါလိမ့်မည်။ NUCC က ရေးဆွဲချမှတ်ခဲ့သော Federal Democracy Charter (FDC) သည် NUG ကလက်ခံထားရမည့် ပဋိညာဥ်ဖြစ်သည်ဟု သိထားကြပါသည်။ NUG တွင် အလုပ်လုပ်နေကြသူများအားမေးကြည့်လျှင်ပင် တစ်ဦးနှင့်တစ်ဦး အဖြေတူချင်မှတူပေလိမ့်မည်။ ခေါင်းစဥ်တော့ တူလိမ့်မည်။ သို့သော် ခြင်ထောင် ထဲက စဥ်းစားချက်တွေမှာတော့ ‘သူ့အတွေးနှင့်သူ၊ သူ့အထာနှင့်သူ’ ဖြစ်နေမည်ထင်ပါသည်။

အမှန်စင်စစ် NUCC ရော၊ NUG ပါ ညွန့်ပေါင်းအဖွဲ့များသာဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတွင် ပါဝင် လုပ်ကိုင်ကြသူများသည် သက်ဆိုင်ရာမိခင်အဖွဲ့အစည်းများ၏ နိုင်ငံရေး ရည်မှန်းချက်နှင့်အထိုင်များ ကိုဖောက်ထွက်၍ လွတ်လပ်စွာ၊ ပြတ်သားစွာ လမ်းကြောင်းချနိုင်ရန် လုပ်ပိုင်ခွင့်နှင့်တာဝန်ရှိမှုပိုင်းတွင် အခက်အခဲနှင့် အကျပ်အတည်းများရှိကြသည်ဟု မြင်ပါသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တော်လှန်ရေးအဖွဲ့အစည်းအတော်များများကမူ FDC သည် လုံလောက်မှု မရှိကြောင်း လက်ခံထားကြဆဲဖြစ်ပါသည်။ K3C တွင် ပါဝင်ပြီး၊ တော်လှန်ရေး လုပ်သက် ရင့်သည့် KIO နှင့် KNU တို့၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကရော ဘာတွေဖြစ်မည်နည်း။ ယင်းအဖွဲ့အစည်းနှစ်ခုစလုံးပင် FDC ရရှိရေးအတွက် တက်ကြွစွာ ကမကထပြုခဲ့ကြပါသည်။ NUG နှင့်နီးကပ်သောဆက်ဆံရေးရှိထားကြသည်။ သို့သော် ၎င်းတို့လိုချင် သည့်အရာများအားလုံး FDC တွင် အပြည့်အဝ ပါဝင်ခဲ့ပြီဟု လက်ခံထားခဲ့ပါသလား။ မဟုတ်နိုင်ဟု မြင်ပါသည်။ သို့မဟုတ် ပန်းတိုင်ကိုချက်ပြုတ်နေဆဲ (Goal in cooking) ဟု ပြောလို့ရမည်ထင်သည်။

KNPP သည် ၎င်းတို့အနေဖြင့် သီးခြားရည်မှန်းချက်ရှိနိုင်လင့်ကစား၊ KNPP ပါဝင်သော ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က မွေးထုတ်လိုက်သော IEC ကမူ FDC ပါပြဌာန်းချက်များကို ချိန်ဆပြီး ကြားကာလ ကရင်နီပြည်အုပ်ချုပ်ရေးယန္တရားကို တည်ထောင်ထားသည်ကိုတွေ့ရပါသည်။ သို့သော် CNF ကတော့ Chinland Constitution (2023) ကို ပါဝင်ရေးဆွဲခဲ့ရာတွင် FDC ပါပြဌာန်းချက်များအား ကျော်လွန်ရေးဆွဲထားသည့်အပေါ် ပွင့်ပွင့်လင်းလင်းလက်ခံထားပြီးဖြစ်ရာ၊ CNF အပါအဝင် Chinland Council အဖွဲ့ဝင်များလိုချင်သည်မှာ FDC ပါပြဌာန်းချက်များထက်ကျော်လွန်သည်ဟု ယူဆနိုင်သည်။

UWSP၊ MNDAA နှင့် ULA တို့ကမူ FDC ကိုထည့်သွင်းစဥ်းစားထားခြင်း မရှိဟု ရှင်းရှင်းလင်းလင်း မြင်ရ ပါသည်။ သူတို့ပြောသောရည်မှန်းချက်မှာ ကွန်ဖက်ဒရေးရှင်းပုံစံဖြစ်သည်။ UWSP က နှစ်ပေါင်းများစွာ နမူနာပြ၊ လမ်းပြခဲ့ပြီးသောလမ်းကြောင်းနှင့်ပန်းတိုင်ပင်ဖြစ်သည်။ ULA/AA က ကွန်ဖက်ဒရေးရှင်း လိုချင်သည်ဟုပြောပြီးဖြစ်သည်။ သို့သော် ကွန်ဖက်ဒရေးရှင်းအဆင့်ရလျှင် တော်လှန်ရေးရပ်လိုက် တော့မည်ဟု တစ်ခါမျှပြောသံ မကြားရသေး။ လွတ်လပ်ရေးအထိလည်း ဖြစ်နိုင်ပါသည်။

(၃)

အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏အတွေ့အကြုံကို နမူနာအဖြစ်ဖော်ပြလိုပါသည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဥ်က အာသံပြည်နယ်၏ခရိုင်အဖြစ်သာရှိခဲ့သော မီဇိုရမ်ခရိုင်၌ မီဇိုးအမျိုးသားတပ်ဦး (Mizo National Front-MNF) သည် အိန္ဒိယ ဗဟိုအစိုးရကို လက်နက်စွဲကိုင်၍တော်လှန်ခဲ့ပါသည်။ MNF သည် ၁၉၆၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် Operation Jericho ဖြင့် မီဇိုရမ်လွတ်လပ်ရေးကို ကြေညာလိုက်ပြီး၊ နှစ်ပေါင်း (၂၀) ကြာလက်နက်စွဲကိုင်တော်လှန်ခဲ့ပါသည်။ ခက်ထန်ကြမ်းတမ်းခြင်း မျိုးစုံကိုဖြတ်သန်းခဲ့ပြီးနောက်၊ ၁၉၈၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ် ငြိမ်းချမ်းရေးစာချုပ် (Mizoram Peace Accord) ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။

ယင်းစာချုပ်အရ MNF သည် ခွဲထွက်ရေးရည်မှန်းချက်ကိုစွန့်လွှတ်ခဲ့ပြီး၊ လက်နက်များကိုအပ်နှံကာ မြေပေါ်နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းခဲ့ပါသည်။ ငြိမ်းချမ်းရေးစာချုပ်အရ မီဇိုရမ်သည် အာသံ ပြည်နယ်အတွင်း ခရိုင်အဆင့် (၁၉၄၇-၁၉၇၂)၊ ထိုမှပြည်ထောင်စုနယ်မြေအဆင့် (၁၉၇၂-၁၉၈၇) တည်ရှိခဲ့ရာမှ ၁၉၈၆ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် တင်းပြည့်ပြည်နယ်အဆင့်တိုးမြှင့်ရရှိခဲ့ပြီး၊ ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ၂၃ ခု မြောက် ပြည်နယ် ဖြစ်လာခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးစာချုပ်အရ မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏အထူးအခွင့်အရေးရပြည်နယ် အဖြစ်နိုင်ငံရေးဆိုင်ရာလုပ်ပိုင်ခွင့်များကိုလည်းကောင်း၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ပြည်ပနှင့်အခြား ပြည်နယ်များမှ လူဝင်လူထွက်ကြီးကြပ်ထိန်းချုပ်ခွင့်ရှိသော Innerline Regulation စနစ်ကျင့်သုံးခွင့် ကိုလည်းကောင်း၊ သီးခြားတရားရုံးချုပ် (Gauhati High Court Aizawl Bench) (၁၉၉၀)နှင့် မီဇိုရမ် ပြည်နယ်တက္ကသိုလ် (Mizoram University) (၂၀၀၁) တို့ကိုလည်းကောင်း ရရှိခဲ့ပါသည်။

လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့သော MNF သည် မြေပေါ်နိုင်ငံရေးပါတီအဖြစ် ကူးပြောင်း ခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲတွင် လေးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါသည်။ သက်တမ်း လေးကြိမ် (လက်ရှိသက်တမ်းအပါအဝင်) တွင် အတိုက်အခံအဖြစ်ရပ်တည်ခဲ့ပါသည်။ မီဇိုရမ်ငြိမ်းချမ်း ရေးစာချုပ် (Mizoram Peace Accord) သည် အိန္ဒိယနိုင်ငံသမိုင်းတွင် အအောင်မြင်ဆုံးစာချုပ်တစ်ခု ဖြစ်ကြောင်း ပြောစမှတ်ပြုကြပါသည်။ အမျိုးသားရေးအမြင်ဖြင့်ပြောရလျှင် မီဇိုရမ်သည် Chin-Kuki-Mizo စုစည်းမှုအနာဂတ်အတွက် ဘူမိနက်သန်မြေကောင်းတစ်ခုဖြစ်လာခဲ့ပါသည်။

(၄)

လက်နက်ကိုင်တော်လှန်ရေးဆင်နွဲသောအခါ အဖိုးအခများပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် လက်နက်ကိုင်တော်လှန်ရေးတည်းဟူသော ကျားမြီးကို ဆွဲမိထားလက်စရှိပြီးဖြစ်ပါသည်။ ဆွဲမိသော ကျားကို မသတ်နိုင်မချင်း သို့မဟုတ် မထိန်းချုပ်ထားနိုင်မချင်းတော့ ကျားမြီးကို လက်လွတ်လိုက်လို့ မရတော့ပြီ။ ဆက်၍ ရှေ့တိုးကြရန်သာရှိပါသည်။ ဘာလိုချင်လို့ ကျားမြီးကို ဆွဲထားကြတာပါလဲ။

တော်လှန်ရေးတစ်ခုပေါ်ပေါက်လာရခြင်းမှာ နာကျင်ခံစားရမှုများ (grievances) ရှိသောကြောင့် ဖြစ် သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမျိုးရေးအရ၊ လူသားဖွံ့ဖြိုးမှုဆိုင်ရာအရ နာကျင်ခံစားခဲ့ရမှုများ ကို ပြန်လည်ကုစားနိုင်ပြီး၊ ထိုသို့သော နာကျင်ခံစားရမှုများ ထပ်မံ မဖြစ်စေနိုင်သည့်စနစ်တစ်ခုကို ဖန်တီးတည်ဆောက်လိုသောကြောင့် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု တနည်း တော်လှန်မှု ပေါ်ပေါက် လာကြသည်ဟုဆိုသည်။ ထို့ကြောင့် ချင်းတို့၏ နာကျင်ခံစားရမှုများကဘာတွေလဲ။ ဘယ်လိုကုစား ပေးစေလိုသလဲဆိုသည်ကို တစ်ခုချင်း တစ်ချက်ချင်းမှတ်သားရေးချထားဖို့လိုအပ်မည်ဖြစ်ပါသည်။

ဘာရလျှင် ကျေနပ်နိုင်မည်ဆိုသည်ကို ရှင်းလင်းပြတ်သားစွာ သိရှိနေဖို့လိုပါမည်။ ရည်မှန်းချက်ရှင်း လျှင် အလုပ်လုပ်ရလွယ်ပါသည်။ ရည်မှန်းချက် မရှင်းလျှင် အချင်းချင်းကြား ရှုပ်ထွေးမှုများပြားတတ် ပါသည်။ ထို့အတူ ဘယ်အချိန်ရောက်လျှင် တော်လှန်ရေးပြီးဆုံးသည့်အချိန်ဟုသတ်မှတ်မည်ဟူသော ညွန်ကိန်းများ (Indicator) ရှိထားဖို့လိုပါမည်။ များသောအားဖြင့် တော်လှန်မှုများသည် တော်လှန်သူ နှင့် တော်လှန်ခံရသူကြား စားပွဲပေါ်၌ နှစ်ဦးနှစ်ဘက် ကြေလည်စွာဆွေးနွေးသဘောတူညီထားချက် များကို အတည်ပြုလက်မှတ်ရေးထိုးပြီး၊ အကောင်အထည်ဖော်ရန်တာဝန်ရှိသူများက စတင်အကောင် အထည်ဖော်သည့်နေ့တွင် တော်လှန်မှုအလုပ် ပြီးဆုံးသည်ဟု ကောက်ချက်ချကြလေ့ရှိပါသည်။

(၅)

တောင်းစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် တည်ဆောက်ယူရမှာဖြစ်သည်ဟုပြောတာတွေကြားဖူးသည်။ မင်းအောင်လှိုင် မရှိတော့လျှင် တော်လှန်ရေးနိုင်ပြီဟုထင်ကြသူများရှိသည်။ စစ်အုပ်စု ပြိုလဲသွားလျှင် တော်လှန်ရေးအောင်ပြီဟုသတ်မှတ်ကြသူများရှိသည်။ အမှန်စင်စစ် ထိုအရာများသည် အရေးကြီး သော်လည်း၊ ချင်းတွေလိုချင်တာ တင်းပြည့်ကျပ်ပြည့် ရ၊ မရ က ပို၍အရေးကြီးသည်ဟုထင်ပါသည်။ တော်လှန်မှုတစ်ခုသည် တော်လှန်မှု မလုပ်ခင် အခြေအနေထက်၊ တော်လှန်မှုလုပ်ပြီးအခြေအနေတွင် သာ၍ကြီးကျယ်ခန်းနားဖို့လိုပါမည်။

တော်လှန်ရေးသည် တစ်ဖက်သတ်ပြီးဆုံးလေ့မရှိပါ။ တော်လှန်ခံရသူသည် ရှုံးနိမ့်သွားလျင်ပင် ၎င်း သည် ရှုံးနိမ့်ကြောင်းလက်ခံပြီး သဘောတူကြောင်းဝန်ခံမှသာ တော်လှန်မှုကိစ္စ ရပ်နားနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘာကိုလိုချင်ပါသနည်း။ ဘာတွေရလျှင် တော်လှန်မှုကိစ္စပြီးဆုံးပြီဟုဆိုကြ မည်နည်း။ လိုချင်ရာသို့ရောက်အောင် မည်သို့ပြင်ဆင်ကြမည်နည်း။ လိုချင်တာတွေရဖို့ နောက်ထပ် ဘယ်နှနှစ်ကြာနိုင်သေးသနည်း။ ကျွန်ုပ်တို့အားလုံးသတ္တိရှိရှိအဖြေထုတ်ကြရန် လိုအပ်ပါလိမ့်မည်။

စာရေးသူ၏စကား ရိုင်းကောင်းရိုင်းနိုင်ပါသည်။
………..

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.