ရေး – မင်းသေ့
၁။ ဒီဆောင်းပါးဟာ — ချင်းပြည်နယ်ရဲ့ ပထဝီနယ်နိမိတ် အားသာချက်ကို အကြောင်းပြုပြီး ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ကြောင်း ဦးစွာ ဝန်ခံတယ်။
ပထမဦးစွာ – ချင်းပြည်နယ်ရဲ့ ပထဝီ နယ်နိမိတ်မျဉ်းကို အပိုင်း (၅) ပိုင်း ကန့်ပြီး ခွဲခြား ကြည့်မြင်နိုင်တယ်။ (၁) ချင်း – စစ်ကိုင်း နယ်စပ်မျဉ်း။ (၂) ချင်း – မကွေး နယ်စပ်မျဉ်း ။ (၃) ချင်း – ရက္ခိုင် နယ်စပ်မျဉ်း။ (၄) ချင်း – အိန္ဒိယ နယ်စပ်မျဉ်း။ (၅) ချင်း – ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း။ ချင်းပြည်ဟာ – နွေဦးတော်လှန်ရေးထဲက ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ်ဆိုတဲ့ မှန်းဆချက်ကို အခု ဖော်ပြတဲ့ နယ်နိမိတ်မျဉ်း ငါးခု ပါ ဖော်ပြချက်တွေက အထောက်အပံ့ပြုပါလိမ့်မယ်။
၂။ (နွေဦးတော်လှန်ရေးအတွင်းက — ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ့် ချင်းပြည်)။ ။ စစ်ရေးလွတ်မြောက်ဒေသတွေ ထူထောင်ခြင်းကိစ္စမှာ – မြေပြင် ပထဝီအနေအထားရဲ့ အရေးပါမှုဟာ အထူးအရေးကြီးပါတယ်။ စစ်ရေးပထဝီ သဘောတရားတွေကို လေ့လာတဲ့အခါ၊ မြေပုံတွေကို ဗဟိုပြု လေ့လာရပါတယ်။ ဒါ့အပြင် နယ်မြေတွေရဲ့ အနေအထားကို လိုက်ပြီး အားသာချက် / အားနည်းချက်တွေ ဒွန်တွဲဖြစ်တည်နေပါတယ်။ ချင်းပြည်နယ်ဟာ – ပထဝီအရ အားသာချက်အဖြစ် တခြားသော ပြည်နယ် / ဒေသတွေထက် ပိုလွန် မျက်နှာသာပေးခြင်း ခံထားရတာ တွေ့ရတယ်။ ပထဝီအရ ဘယ်လို အားသာချက်တွေကို ချင်းပြည်နယ်က ရရှိနေပါသလဲ။ စာရင်း ပြုစုပြီး ကြည့်ပါ။
■ ပထဝီအချက်အလက် တချို့
၃။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် အကျဆုံး ပြည်နယ် တစ်ခုဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ အရှေ့ဘက် နယ်နိမိတ်မျဉ်း တစ်ခုလုံးဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ရဲ့ နယ်နိမိတ်နဲ့ ကာရံထိတွေ့ထားပါတယ်။ တောင်ဘက်မှာတော့ – ရက္ခိုင် ပြည်နယ်ရှိပါတယ်။ ချင်းပြည်နယ်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက် တစ်ခွင်လုံးကတော့ – အိန္ဒိယနဲ့ ထိစပ်နယ်နိမိတ်တွေ ဖြစ်ပြီး ၊ အနောက်တောင်ဘက်မှာတော့ – ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နယ်နိမိတ် ရှိပါတယ်။ ချင်းပြည်နယ်ဟာ တောင်တန်းဒေသ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တောင်တန်းဒေသတွေ ရှိပေမယ့် — ရှမ်းပြည်လို တောင်တန်းဒေသမျိုး မဟုတ်ဘူး။ တောတောင် ထူထပ် ကြမ်းတမ်းမှုနဲ့ မြေမျက်နှာသွင်ပြင် အနေအထား ခက်ခဲကြမ်းတမ်းမှုဟာ — ရှမ်းကုန်းပြင်မြင့်ဒေသလို သဘာဝမျိုး မဟုတ်ဘူး။ အင်မတန်ကို ခက်ခဲ ကြမ်းတမ်းတဲ့ သဘာဝရှိတယ်။ တောတောင် လျှိုမြောင် ချောက်ကမ်းပါးနဲ့ တောင်စဉ် တောင်တန်းတွေရဲ့ တည်ရှိမှုဟာ — အနိမ့်အမြင့် ဒီဂရီ မြင့်မား ကွာဟ လွန်းတာကို ယေဘုယျတွေ့ရတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ – ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ဆုံး ပြည်နယ်တစ်ခု ဖြစ်နေခဲ့တယ်။
၄။ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်ဟာ – နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်ခုခံစစ်အတွက် အဓိက စစ်ရေးအားသာချက် တစ်ခုလို ဖြစ်လာတယ်။ စစ်မှာ ထောက်ပို့ရေး လမ်းကြောင်းတွေဟာ အထူးအရေးပါတယ်။ စစ်ကောင်စီရဲ့ တပ်ဟာ – ဗမာတပ်လို့ ပြောနိုင်တယ်။ ဒါ့ကြောင့် ချင်းဒေသခံတွေလောက် – တောင်စဉ် တောင်တန်းတွေရဲ့ သဘာဝကို ဘယ် ကျွမ်းကျင်မလဲ။ ဒါ့အပြင် တပ်ပြောင်း တပ်ရွှေ့ ခဏ ခဏ လုပ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရေးစီမံကွပ်ကဲမှုက — ချင်းပြည်နယ်ရောက် စစ်ကောင်စီတပ်သားတွေအဖို့ နယ်မြေ တတ်သိနားလည်မှုမှာ အင်မတန် အခက်တွေ့စေတယ်။ ဒါ့ကြောင့်လည်း ဒေသခံချင်းကာကွယ်ရေးတပ်တွေကို မယှဉ်နိုင်တာပဲ။ ဒါ့အပြင် ချင်းပြည်နယ်ကို တက်တဲ့ လမ်းကြောင်းတွေက သိပ်များများစားစား မရှိဘူး။ ဒါ့အပြင် မြင့်မား မက်စောက်ပြီး ခက်ခဲ ကြမ်းတမ်းတဲ့ ကြည်းကြောင်း ချီတက်ရာ လမ်းကြောင်း ဖြစ်နေလို့ — ရှေ့ မရောက်ဘူး။ ရောက်တဲ့ တပ်ကလည်း နောက်တန်းနဲ့ အဆက်ပြတ်တယ်။ အထူးသဖြင့် စစ်ကောင်စီတပ်အတွက် — ကြည်းကြောင်း ချီတက်ရေး လမ်းကြောင်းမှာ အကြီးအကျယ် အားနည်းချက်ရှိတယ်။ ချင်းပြည်နယ်ကို စိုးမိုးဖို့ လူနဲ့ လက်နက် ထောက်ပို့ရေးလမ်းကြောင်းမှာ — စစ်ကောင်စီတပ်အတွက် အကြီးအကျယ် အားနည်းချက်ရှိနေတယ်။ ဒါဟာ ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ့် ချင်းပြည်နယ်ဖြစ်ဖို့ ကနဦး အကြောင်းပြချက်ဖြစ်တယ်။
၅။ နောက်တစ်ချက်က — စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို့ ခေါ်တဲ့ အညာဒေသရဲ့ ခုခံတော်လှန်စစ်တွေ ဖြစ်တယ်။ ချင်းပြည်နယ်ဟာ — စစ်ကိုင်းနဲ့ မကွေး ထိစပ် ဧရိယာတွေကြောင့် — အကောင်းဆုံး ကြားခံဇုန် (Buffer Zone) ကို ရထားသလို ဖြစ်နေတယ်။ ဒီကြားခံဇုန်ဟာ – ချင်းဒေသအတွက် အကောင်းဆုံးသော ခံတပ်ဇုန်လိုလည်းဖြစ်နေတယ်။ စစ်ကိုင်းနဲ့ မကွေး ဧရိယာတွေမှာ — စစ်ကောင်စီကို ခုခံတော်လှန်တဲ့ ပုန်ကန် ပြောက်ကျားစစ်တွေ အားကောင်းနေသရွေ့၊ ချင်းဒေသဟာ စစ်ကောင်စီက ဒုက္ခပေးဖို့ အလွတ်မြောက်ဆုံးနေရာ ဒေသအဖြစ် ရှိနေမှာပဲ။ ဒါဟာ အဓိက အရေးအပါအဆုံးသော ဒုတိယအကြောင်းပြချက်ဖြစ်တယ်။
၆။ ချင်းပြည်နယ်အတွက် နည်းနည်း သတိထားရမှာက – ရက္ခိုင် ဝင်ပေါက်ဖြစ်တယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ — ချင်းနဲ့ ရက္ခိုင်အကြား အကောင်းဆုံးသော မဟာမိတ်ဆက်ဆံရေးကို ကျစ်ကျစ်လစ်လစ် စုဖွဲ့ထားနိုင်လေလေ၊ ချင်းဒေသရဲ့ လွတ်မြောက်မှုဟာ ပိုပြီး အာမခံချက်ရှိလာလေလေလို့ ပြောနိုင်မယ်။ ရက္ခိုင့်တပ်တော် (အေအေ) က — စစ်ရေးမှာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်ဗျူဟာနဲ့ ရက္ခိုင်လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲနေတယ်လို့ ယေဘုယျတွက်နိုင်တယ်။ ရက္ခိုင်စစ်ရေးခေါင်းဆောင်တွေရဲ့ နောက်တစ်လှမ်းဆုတ်ဗျူဟာမှာ — ချင်းပြည်နယ်ဘက် ဟပေးတာမျိုး မဖြစ်စေဖို့ အထူး ဂရုစိုက်ရမယ် ထင်တယ်။ ချင်းနယ်နိမိတ်က ကြီးမားတာမို့၊ ဂရုမစိုက်ဘူးလို့ မဖြစ်ရဘူး။ ဒါကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ အမြဲ ကြည့်နေရမယ်လို့ ယူဆတယ်။ ဒါ့ကြောင့် – ချင်းနဲ့ ရက္ခိုင်အကြားမှာလည်း ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပြီး ချင်းဒေသ လွတ်မြောက်ရေးအတွက် အပံ့အပိုးဖြစ်အောင် လုပ်သင့်တယ်။ ဒါဟာ ချင်းပြည်လွတ်မြောက်ဒေသဖြစ်ဖို့ — တတိယအကြောင်းကောင်း ဖြစ်တယ်။ ရက္ခိုင့်တပ်တော်မှာ အတိုးအဆုတ်ဗျူဟာ ရှိပေမယ့် — စစ်ကောင်စီနဲ့ ထာဝရ ပင်းသွားမှာမျိုးကို စိုးရိမ်စရာ မလို။ ချင်းတွေဘက်က — ရက္ခိုင်နဲ့ ရေရှည် အကျိုးတူ မဟာမိတ် ဆက်ဆံရေး တည်ဆောက်ထားရုံသာ အရေးကြီးတယ်။
၇။ ချင်းပြည်ဟာ လွတ်မြောက်ဒေသဖြစ်လာဖို့အတွက် စတုတ္ထအပံ့အပိုးကတော့ — အိန္ဒိယဖြစ်တယ်။ ချင်းတော်လှန်ရေးခေါင်းဆောင်တွေဟာ — အိန္ဒိယရဲ့ ဗဟိုအစိုးရနဲ့ အိန္ဒိယရဲ့ ပြည်နယ်အစိုးရတို့အကြား ပေါ်လစီ ကွာဟချက်ကို နှိုင်းယှဉ်စဉ်းစားထားသင့်တယ်။ ချင်းပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယပြည်နယ်နှစ်ခုဖြစ်တဲ့ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ရဲ့ သဘောထားနဲ့ အိန္ဒိယ ဗဟိုအစိုးရဲ့ မြန်မာ့အရေးအပေါ် သဘောထားကို သေချာ နှိုင်းယှဉ်ဆန်းစစ်ထားသင့်တယ်လို့ ယူဆတယ်။ ဒါဟာ ချင်းပြည်နယ်အတွက် လွတ်မြောက်ဒေသဖြစ်ဖို့ အရေးပါတဲ့ကိစ္စဖြစ်တယ်။ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရပြည်နယ်အစိုးရတို့ဟာ — ချင်းလူမျိုးတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက် — အထောက်အပံ့ဖြစ်တာကို ကြားနေ သိနေရပါတယ်။ လူမျိုးအရ၊ ယဉ်ကျေးမှုအရ၊ သွေးသားအရ၊ မျိုးနွယ်စု ပျံ့နှံ့ပုံအရ — ချင်းနဲ့ မီဇိုရမ်ပြည်နယ်အကြား ဆက်ဆံရေးကောင်း ဖြစ်ထွန်းနေခြင်းဟာ အဓိက အားသာချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယဗဟိုအစိုးရရဲ့ ပေါ်လစီထက် ပြည်နယ်အစိုးရတွေရဲ့ ပေါ်လစီတိမ်းညွှတ်ချက်က — ချင်းဒေသ လွတ်မြောက်ရေးအတွက် အထူးအရေးပါနေတယ်လို့ ပြောနိုင်တယ်။ အိန္ဒိယ နဲ့ ချင်းပြည်နယ်အကြား နယ်နိမိတ်ထိစပ်မှု အပြန့်ကျယ်ခြင်းဟာ — ချင်းတော်လှန်ရေးအတွက် အထူးအရေးပါ / အရာရောက်တဲ့ ပထဝီ အားသာချက်ဖြစ်နေပါတယ်။ လက်နက်ရရှိမှုနဲ့ ချင်းလူထုရဲ့ လုံခြုံရာထွက်ပေါက် ဖြစ်နေတယ်လို့ မှတ်နိုင်ပါတယ်။ ဒီအားသာချက်ရှိနေလို့လည်း — ချင်းတော်လှန်ရေးဟာ — အတော်ကြီး ဖြစ်မြောက် အောင်မြင်တာကို အထူး တွေ့မြင်ရပါတယ်။
၈။ ချင်းနဲ့ ဘင်္ဂလားနယ်နိမိတ်ကိုတော့ များများစားစား မပြောလိုပါ။ ဘင်္ဂလားနယ်စပ်က တိုးဝင်လာတဲ့ လူဦးရေကိုတောင် — မြန်မာစစ်အစိုးရ အဆက်ဆက်က မကန့်နိုင်တာ။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ချင်းဒေသကို တိုးဝင်ဖြန့်ကျက်ဖို့ဆိုတာ စစ်ကောင်စီအတွက် အင်မတန် အခွင့်အလမ်း နည်းပါတယ်။ ဒါ့အပြင် ချင်းဒေသ တစ်ခွင် ပတ်ပတ်လည်တစ်ခုလုံးမှာ တောစဉ် တောင်တန်း အထပ်ထပ်နဲ့ မက်စောက် ကြမ်းတမ်းစွာ ကာရံ တည်ရှိနေခြင်းက — ချင်းပြည် လွတ်မြောက်ရေးတိုက်ပွဲအတွက် အဓိက အားသာချက်လို ဖြစ်နေပါတယ်။ ဒါကို အားပြုတည်ဆောက်ပြီး ချင်းလွတ်မြောက်ဒေသကို ကောင်းမွန်စွာ တည်ဆောက်ဖို့ လိုပါတယ်။
၉။ ဒီနေရာမှာ — စစ်ကောင်စီရဲ့ ဝေဟင်ထိုးစစ်ကိစ္စကို မပြောလိုပါ။ လောလောဆယ် အခြေအနေမှာ စစ်ကောင်စီရဲ့ မြေပြင် ကြည်းကြောင်း ထိုးစစ်ကို မှုစရာ မလိုပေမယ့် — အလှစ်အငိုက်မှာ ဝေဟင် ပစ်မှတ် အဖြစ် အကြီးအကျယ် မခံရဖို့တော့ အထူး သတိထားရမယ် ထင်ပါတယ်။ အထူးသဖြင့် အထိုင်ချတပ် အခိုင်အမာ တည်ဆောက်ရေးမှာ — စစ်ကောင်စီက ဝေဟင်ထိုးစစ်နဲ့ ကဖျက်ယဖျက် လုပ်နိုင်ပါတယ်။ ဝေဟင်ထိုးစစ်လာတဲ့အခါ — မြေပြန့်ဒေသလောက် အထိအခိုက် အကျအဆုံး မများနိုင်ပေမယ့် — အတည်အထိုင်လုပ်တဲ့အခါ ယာယီပဲ လုပ်နိုင်အုံးမယ့် အနေအထားပါ။ ဒါကို မြေပြင် ပထဝီအားသာချက်ကို ခြေကုတ်ယူပြီး တည်ဆောက်ရင် — ဖြစ်နိုင်ပါတယ်။
၁၀။ ဒါကတော့ — နွေဦးတော်လှန်ရေးမှာ ပထဝီနယ်နိမိတ်နဲ့ မြေမျက်နှာသွင်ပြင် အနေအထားရဲ့ အားသားချက်ကို အခြေပြုပြီး – ချင်းပြည်နယ် လွတ်မြောက်ဒေသ ဖြစ်လာဖို့ အကောင်းဆုံး တွန်းအားတွေ ရှိနေကြောင်း ရေးသားတင်ပြတဲ့ ဆောင်းပါး ဖြစ်ပါတယ်။