Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

0
By Editor on April 27, 2023 Featured

ရေး – မင်းသေ့

၁။ ဒီဆောင်းပါးဟာ — ချင်းပြည်နယ်ရဲ့ ပထဝီနယ်နိမိတ် အားသာချက်ကို အကြောင်းပြုပြီး ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ကြောင်း ဦးစွာ ဝန်ခံတယ်။

ပထမဦးစွာ – ချင်းပြည်နယ်ရဲ့ ပထဝီ နယ်နိမိတ်မျဉ်းကို အပိုင်း (၅) ပိုင်း ကန့်ပြီး ခွဲခြား ကြည့်မြင်နိုင်တယ်။ (၁) ချင်း – စစ်ကိုင်း နယ်စပ်မျဉ်း။ (၂) ချင်း – မကွေး နယ်စပ်မျဉ်း ။ (၃) ချင်း – ရက္ခိုင် နယ်စပ်မျဉ်း။ (၄) ချင်း – အိန္ဒိယ နယ်စပ်မျဉ်း။ (၅) ချင်း – ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း။ ချင်းပြည်ဟာ – နွေဦးတော်လှန်ရေးထဲက ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ်ဆိုတဲ့ မှန်းဆချက်ကို အခု ဖော်ပြတဲ့ နယ်နိမိတ်မျဉ်း ငါးခု ပါ ဖော်ပြချက်တွေက အထောက်အပံ့ပြုပါလိမ့်မယ်။

၂။ (နွေဦးတော်လှန်ရေးအတွင်းက — ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ့် ချင်းပြည်)။ ။ စစ်ရေးလွတ်မြောက်ဒေသတွေ ထူထောင်ခြင်းကိစ္စမှာ – မြေပြင် ပထဝီအနေအထားရဲ့ အရေးပါမှုဟာ အထူးအရေးကြီးပါတယ်။ စစ်ရေးပထဝီ သဘောတရားတွေကို လေ့လာတဲ့အခါ၊ မြေပုံတွေကို ဗဟိုပြု လေ့လာရပါတယ်။ ဒါ့အပြင် နယ်မြေတွေရဲ့ အနေအထားကို လိုက်ပြီး အားသာချက် / အားနည်းချက်တွေ ဒွန်တွဲဖြစ်တည်နေပါတယ်။ ချင်းပြည်နယ်ဟာ – ပထဝီအရ အားသာချက်အဖြစ် တခြားသော ပြည်နယ် / ဒေသတွေထက် ပိုလွန် မျက်နှာသာပေးခြင်း ခံထားရတာ တွေ့ရတယ်။ ပထဝီအရ ဘယ်လို အားသာချက်တွေကို ချင်းပြည်နယ်က ရရှိနေပါသလဲ။ စာရင်း ပြုစုပြီး ကြည့်ပါ။

■ ပထဝီအချက်အလက် တချို့

၃။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် အကျဆုံး ပြည်နယ် တစ်ခုဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ အရှေ့ဘက် နယ်နိမိတ်မျဉ်း တစ်ခုလုံးဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ရဲ့ နယ်နိမိတ်နဲ့ ကာရံထိတွေ့ထားပါတယ်။ တောင်ဘက်မှာတော့ – ရက္ခိုင် ပြည်နယ်ရှိပါတယ်။ ချင်းပြည်နယ်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက် တစ်ခွင်လုံးကတော့ – အိန္ဒိယနဲ့ ထိစပ်နယ်နိမိတ်တွေ ဖြစ်ပြီး ၊ အနောက်တောင်ဘက်မှာတော့ – ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နယ်နိမိတ် ရှိပါတယ်။ ချင်းပြည်နယ်ဟာ တောင်တန်းဒေသ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တောင်တန်းဒေသတွေ ရှိပေမယ့် — ရှမ်းပြည်လို တောင်တန်းဒေသမျိုး မဟုတ်ဘူး။ တောတောင် ထူထပ် ကြမ်းတမ်းမှုနဲ့ မြေမျက်နှာသွင်ပြင် အနေအထား ခက်ခဲကြမ်းတမ်းမှုဟာ — ရှမ်းကုန်းပြင်မြင့်ဒေသလို သဘာဝမျိုး မဟုတ်ဘူး။ အင်မတန်ကို ခက်ခဲ ကြမ်းတမ်းတဲ့ သဘာဝရှိတယ်။ တောတောင် လျှိုမြောင် ချောက်ကမ်းပါးနဲ့ တောင်စဉ် တောင်တန်းတွေရဲ့ တည်ရှိမှုဟာ — အနိမ့်အမြင့် ဒီဂရီ မြင့်မား ကွာဟ လွန်းတာကို ယေဘုယျတွေ့ရတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ – ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ဆုံး ပြည်နယ်တစ်ခု ဖြစ်နေခဲ့တယ်။

၄။ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်ဟာ – နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်ခုခံစစ်အတွက် အဓိက စစ်ရေးအားသာချက် တစ်ခုလို ဖြစ်လာတယ်။ စစ်မှာ ထောက်ပို့ရေး လမ်းကြောင်းတွေဟာ အထူးအရေးပါတယ်။ စစ်ကောင်စီရဲ့ တပ်ဟာ – ဗမာတပ်လို့ ပြောနိုင်တယ်။ ဒါ့ကြောင့် ချင်းဒေသခံတွေလောက် – တောင်စဉ် တောင်တန်းတွေရဲ့ သဘာဝကို ဘယ် ကျွမ်းကျင်မလဲ။ ဒါ့အပြင် တပ်ပြောင်း တပ်ရွှေ့ ခဏ ခဏ လုပ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရေးစီမံကွပ်ကဲမှုက — ချင်းပြည်နယ်ရောက် စစ်ကောင်စီတပ်သားတွေအဖို့ နယ်မြေ တတ်သိနားလည်မှုမှာ အင်မတန် အခက်တွေ့စေတယ်။ ဒါ့ကြောင့်လည်း ဒေသခံချင်းကာကွယ်ရေးတပ်တွေကို မယှဉ်နိုင်တာပဲ။ ဒါ့အပြင် ချင်းပြည်နယ်ကို တက်တဲ့ လမ်းကြောင်းတွေက သိပ်များများစားစား မရှိဘူး။ ဒါ့အပြင် မြင့်မား မက်စောက်ပြီး ခက်ခဲ ကြမ်းတမ်းတဲ့ ကြည်းကြောင်း ချီတက်ရာ လမ်းကြောင်း ဖြစ်နေလို့ — ရှေ့ မရောက်ဘူး။ ရောက်တဲ့ တပ်ကလည်း နောက်တန်းနဲ့ အဆက်ပြတ်တယ်။ အထူးသဖြင့် စစ်ကောင်စီတပ်အတွက် — ကြည်းကြောင်း ချီတက်ရေး လမ်းကြောင်းမှာ အကြီးအကျယ် အားနည်းချက်ရှိတယ်။ ချင်းပြည်နယ်ကို စိုးမိုးဖို့ လူနဲ့ လက်နက် ထောက်ပို့ရေးလမ်းကြောင်းမှာ — စစ်ကောင်စီတပ်အတွက် အကြီးအကျယ် အားနည်းချက်ရှိနေတယ်။ ဒါဟာ ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ့် ချင်းပြည်နယ်ဖြစ်ဖို့ ကနဦး အကြောင်းပြချက်ဖြစ်တယ်။

၅။ နောက်တစ်ချက်က — စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို့ ခေါ်တဲ့ အညာဒေသရဲ့ ခုခံတော်လှန်စစ်တွေ ဖြစ်တယ်။ ချင်းပြည်နယ်ဟာ — စစ်ကိုင်းနဲ့ မကွေး ထိစပ် ဧရိယာတွေကြောင့် — အကောင်းဆုံး ကြားခံဇုန် (Buffer Zone) ကို ရထားသလို ဖြစ်နေတယ်။ ဒီကြားခံဇုန်ဟာ – ချင်းဒေသအတွက် အကောင်းဆုံးသော ခံတပ်ဇုန်လိုလည်းဖြစ်နေတယ်။ စစ်ကိုင်းနဲ့ မကွေး ဧရိယာတွေမှာ — စစ်ကောင်စီကို ခုခံတော်လှန်တဲ့ ပုန်ကန် ပြောက်ကျားစစ်တွေ အားကောင်းနေသရွေ့၊ ချင်းဒေသဟာ စစ်ကောင်စီက ဒုက္ခပေးဖို့ အလွတ်မြောက်ဆုံးနေရာ ဒေသအဖြစ် ရှိနေမှာပဲ။ ဒါဟာ အဓိက အရေးအပါအဆုံးသော ဒုတိယအကြောင်းပြချက်ဖြစ်တယ်။

၆။ ချင်းပြည်နယ်အတွက် နည်းနည်း သတိထားရမှာက – ရက္ခိုင် ဝင်ပေါက်ဖြစ်တယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ — ချင်းနဲ့ ရက္ခိုင်အကြား အကောင်းဆုံးသော မဟာမိတ်ဆက်ဆံရေးကို ကျစ်ကျစ်လစ်လစ် စုဖွဲ့ထားနိုင်လေလေ၊ ချင်းဒေသရဲ့ လွတ်မြောက်မှုဟာ ပိုပြီး အာမခံချက်ရှိလာလေလေလို့ ပြောနိုင်မယ်။ ရက္ခိုင့်တပ်တော် (အေအေ) က — စစ်ရေးမှာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်ဗျူဟာနဲ့ ရက္ခိုင်လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲနေတယ်လို့ ယေဘုယျတွက်နိုင်တယ်။ ရက္ခိုင်စစ်ရေးခေါင်းဆောင်တွေရဲ့ နောက်တစ်လှမ်းဆုတ်ဗျူဟာမှာ — ချင်းပြည်နယ်ဘက် ဟပေးတာမျိုး မဖြစ်စေဖို့ အထူး ဂရုစိုက်ရမယ် ထင်တယ်။ ချင်းနယ်နိမိတ်က ကြီးမားတာမို့၊ ဂရုမစိုက်ဘူးလို့ မဖြစ်ရဘူး။ ဒါကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ အမြဲ ကြည့်နေရမယ်လို့ ယူဆတယ်။ ဒါ့ကြောင့် – ချင်းနဲ့ ရက္ခိုင်အကြားမှာလည်း ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပြီး ချင်းဒေသ လွတ်မြောက်ရေးအတွက် အပံ့အပိုးဖြစ်အောင် လုပ်သင့်တယ်။ ဒါဟာ ချင်းပြည်လွတ်မြောက်ဒေသဖြစ်ဖို့ — တတိယအကြောင်းကောင်း ဖြစ်တယ်။ ရက္ခိုင့်တပ်တော်မှာ အတိုးအဆုတ်ဗျူဟာ ရှိပေမယ့် — စစ်ကောင်စီနဲ့ ထာဝရ ပင်းသွားမှာမျိုးကို စိုးရိမ်စရာ မလို။ ချင်းတွေဘက်က — ရက္ခိုင်နဲ့ ရေရှည် အကျိုးတူ မဟာမိတ် ဆက်ဆံရေး တည်ဆောက်ထားရုံသာ အရေးကြီးတယ်။

၇။ ချင်းပြည်ဟာ လွတ်မြောက်ဒေသဖြစ်လာဖို့အတွက် စတုတ္ထအပံ့အပိုးကတော့ — အိန္ဒိယဖြစ်တယ်။ ချင်းတော်လှန်ရေးခေါင်းဆောင်တွေဟာ — အိန္ဒိယရဲ့ ဗဟိုအစိုးရနဲ့ အိန္ဒိယရဲ့ ပြည်နယ်အစိုးရတို့အကြား ပေါ်လစီ ကွာဟချက်ကို နှိုင်းယှဉ်စဉ်းစားထားသင့်တယ်။ ချင်းပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယပြည်နယ်နှစ်ခုဖြစ်တဲ့ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ရဲ့ သဘောထားနဲ့ အိန္ဒိယ ဗဟိုအစိုးရဲ့ မြန်မာ့အရေးအပေါ် သဘောထားကို သေချာ နှိုင်းယှဉ်ဆန်းစစ်ထားသင့်တယ်လို့ ယူဆတယ်။ ဒါဟာ ချင်းပြည်နယ်အတွက် လွတ်မြောက်ဒေသဖြစ်ဖို့ အရေးပါတဲ့ကိစ္စဖြစ်တယ်။ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရပြည်နယ်အစိုးရတို့ဟာ — ချင်းလူမျိုးတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက် — အထောက်အပံ့ဖြစ်တာကို ကြားနေ သိနေရပါတယ်။ လူမျိုးအရ၊ ယဉ်ကျေးမှုအရ၊ သွေးသားအရ၊ မျိုးနွယ်စု ပျံ့နှံ့ပုံအရ — ချင်းနဲ့ မီဇိုရမ်ပြည်နယ်အကြား ဆက်ဆံရေးကောင်း ဖြစ်ထွန်းနေခြင်းဟာ အဓိက အားသာချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယဗဟိုအစိုးရရဲ့ ပေါ်လစီထက် ပြည်နယ်အစိုးရတွေရဲ့ ပေါ်လစီတိမ်းညွှတ်ချက်က — ချင်းဒေသ လွတ်မြောက်ရေးအတွက် အထူးအရေးပါနေတယ်လို့ ပြောနိုင်တယ်။ အိန္ဒိယ နဲ့ ချင်းပြည်နယ်အကြား နယ်နိမိတ်ထိစပ်မှု အပြန့်ကျယ်ခြင်းဟာ — ချင်းတော်လှန်ရေးအတွက် အထူးအရေးပါ / အရာရောက်တဲ့ ပထဝီ အားသာချက်ဖြစ်နေပါတယ်။ လက်နက်ရရှိမှုနဲ့ ချင်းလူထုရဲ့ လုံခြုံရာထွက်ပေါက် ဖြစ်နေတယ်လို့ မှတ်နိုင်ပါတယ်။ ဒီအားသာချက်ရှိနေလို့လည်း — ချင်းတော်လှန်ရေးဟာ — အတော်ကြီး ဖြစ်မြောက် အောင်မြင်တာကို အထူး တွေ့မြင်ရပါတယ်။

၈။ ချင်းနဲ့ ဘင်္ဂလားနယ်နိမိတ်ကိုတော့ များများစားစား မပြောလိုပါ။ ဘင်္ဂလားနယ်စပ်က တိုးဝင်လာတဲ့ လူဦးရေကိုတောင် — မြန်မာစစ်အစိုးရ အဆက်ဆက်က မကန့်နိုင်တာ။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ချင်းဒေသကို တိုးဝင်ဖြန့်ကျက်ဖို့ဆိုတာ စစ်ကောင်စီအတွက် အင်မတန် အခွင့်အလမ်း နည်းပါတယ်။ ဒါ့အပြင် ချင်းဒေသ တစ်ခွင် ပတ်ပတ်လည်တစ်ခုလုံးမှာ တောစဉ် တောင်တန်း အထပ်ထပ်နဲ့ မက်စောက် ကြမ်းတမ်းစွာ ကာရံ တည်ရှိနေခြင်းက — ချင်းပြည် လွတ်မြောက်ရေးတိုက်ပွဲအတွက် အဓိက အားသာချက်လို ဖြစ်နေပါတယ်။ ဒါကို အားပြုတည်ဆောက်ပြီး ချင်းလွတ်မြောက်ဒေသကို ကောင်းမွန်စွာ တည်ဆောက်ဖို့ လိုပါတယ်။

၉။ ဒီနေရာမှာ — စစ်ကောင်စီရဲ့ ဝေဟင်ထိုးစစ်ကိစ္စကို မပြောလိုပါ။ လောလောဆယ် အခြေအနေမှာ စစ်ကောင်စီရဲ့ မြေပြင် ကြည်းကြောင်း ထိုးစစ်ကို မှုစရာ မလိုပေမယ့် — အလှစ်အငိုက်မှာ ဝေဟင် ပစ်မှတ် အဖြစ် အကြီးအကျယ် မခံရဖို့တော့ အထူး သတိထားရမယ် ထင်ပါတယ်။ အထူးသဖြင့် အထိုင်ချတပ် အခိုင်အမာ တည်ဆောက်ရေးမှာ — စစ်ကောင်စီက ဝေဟင်ထိုးစစ်နဲ့ ကဖျက်ယဖျက် လုပ်နိုင်ပါတယ်။ ဝေဟင်ထိုးစစ်လာတဲ့အခါ — မြေပြန့်ဒေသလောက် အထိအခိုက် အကျအဆုံး မများနိုင်ပေမယ့် — အတည်အထိုင်လုပ်တဲ့အခါ ယာယီပဲ လုပ်နိုင်အုံးမယ့် အနေအထားပါ။ ဒါကို မြေပြင် ပထဝီအားသာချက်ကို ခြေကုတ်ယူပြီး တည်ဆောက်ရင် — ဖြစ်နိုင်ပါတယ်။

၁၀။ ဒါကတော့ — နွေဦးတော်လှန်ရေးမှာ ပထဝီနယ်နိမိတ်နဲ့ မြေမျက်နှာသွင်ပြင် အနေအထားရဲ့ အားသားချက်ကို အခြေပြုပြီး – ချင်းပြည်နယ် လွတ်မြောက်ဒေသ ဖြစ်လာဖို့ အကောင်းဆုံး တွန်းအားတွေ ရှိနေကြောင်း ရေးသားတင်ပြတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.