(002HH)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လေးကျေးရွာက အသက် (၅၀) နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦး ယနေ့ မနက် (၈) နာရီအချိန်ခန့်က တောထဲ လပ်ပြာဉဆေးမြစ်ရှာသွားစဉ် လမ်းဘေးထောင်ထားသည့် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။
”ဆေးပင်ရှာပြီးမှ ဆန်တွေဝယ်ရတာဆိုတော့ သွားရှာမယ်ဆိုပြီး ကားလမ်းဘေးကနေ အတက်ပဲရှိသေးတယ် စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းနင်းမိလို့ ခြေထောက်တဖက်က ကြေမွသွားတယ်၊ဘယ်ဘက်ခြေထောက်က ဒူးအောက်က နေပြတ်သွားတာ ပွဲချင်းဆုံးသွားတယ်” ဟု ဆွေးမျိုးတော်စပ်သူအမျိုးသားတစ်ဦးက ပြောသည်။
မိုင်းနင်းမိ၍ သေဆုံးသူမှာ Pi Biak Za Nem ဟုသိရပြီး ဇောင်လေးကျေးရွာနှင့် (၇) မိုင်ဝေးသော Hlan Zawl ကျေးရွာ အဝင်လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်ပြီး ၎င်းတွင် သားသမီး (၆) ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယခုမိုင်းနင်းမိပေါက်ပွဲမှုဖြစ်ပွားသည့်နေရာအနီး သူဖေးကျေးရွာထိပ်တွင် တပ်စွဲထားပြီး ၎င်းတို့ထောင်ထားသော မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။
ဇောင်လေးကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် ၃၀ နီးပါးကွာဝေးပြီး အိမ်ခြေ (၄၀) ရှိသည်ဟု သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းနင်းမိမှုကြောင့် ချင်းလူမျိုး ၂၀ ဦး သေဆုံးပြီဖြစ်ကာ ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။