(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘောင်ထဲရွာအနီးတွင် ဥယျာဉ်ခြုံသွားသော ဒေသခံအမျိုးသားတစ်ဦးသည် ယနေ့နံနက်က မြေမြှပ်မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ မတ်လ ၁၈ ရက် နံနက် ၁၀ နာရီခွဲ ခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင် သင်္ချိုင်းနှင့် ဘောင်ထဲရွာကြားတွင် ဥယျာဉ်ခြံသို့ အလုပ်လုပ်ရန် သွားရောက်သော ဒေသခံ အမျိုးသားတစ်ဦးသည် မြေမြှပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“တခြားလူတွေကလည်း အခင်းဖြစ်တဲ့ နေရာကို မသွားရဲကြဘူး။ အဲဒီလမ်းကြောင်းမှာက မိုင်းတွေ အများကြီး ရှိနေတယ်လေ။ မြေမြှပ်မိုင်းတွေက ဘယ်အနားရှိမှန်းလည်း မသိကြလို့ပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေတွေလည်း သေချာ မသိရသေးဘူး။ ဖုန်းလိုင်းက တမြို့လုံးအခု ပြတ်နေတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
အရှေ့ပြင် သင်္ချိုင်းနှင့် ဘောင်ထဲရွာကြားတွင် စစ်ကောင်စီက ထောင်ထားသော မြေမြှပ်မိုင်းများကို ယင်းအမျိုးသားက နင်းမိခဲ့ခြင်းဖြစ်ပြီး ခြေတစ်ဖက် ပြတ်သွားကြောင်း၊ လတ်တလောမှာလည်း လူနာကို ဆေးရုံးကို မပို့ပေးနိုင်ကြသေးကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီသည် စစ်အင်အားနှင့် ရိက္ခာလက်နက်ခဲယမ်းများ ဖြည့်တင်းထားပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၁၅ ရက်က မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ရှိ ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၆ နှစ်အရွယ် သမီးအပါအဝင် သားအမိ (၂) ဦး သေဆုံးသွားပြီး အရပ်သားပြည်သူ (၄) ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
မတ်လအတွင်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ၊ ဒဏ်ရာရရှိမှု ရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဘုရားကျောင်းအပါအဝင် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။