(006SV)
မလေးရှားနိုင်ငံ၊ နီလိုင်းမြို့မှာ ကျင်းပသည့် ခရစ္စမတ်ပွဲတွင် ချင်း၊ ရခိုင်အပါအဝင် မြန်မာနိုင်ငံသား ၇၀ နီးပါး ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် တရားရင်ဆိုင်ရမည်ဟု မလေးရှားနိုင်ငံရောက်၊ ချင်းအရေး လှုပ်ရှားသူများက ပြောသည်။
မလေးရှားနိုင်ငံ၊ နီဂရီဆီမီလန်းပြည်နယ်၊ နီလိုင်းမြို့တွင် ဒီဇင်ဘာလ ၁၄ ရက်က ကျင်းပသော ခရစ္စမတ်ပွဲသည် ပွဲပြုလုပ်ရန် ခွင့်ပြုချက် မရှိဘဲ ကျင်းပသော ပွဲဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်ကြီးကြပ်ရေး အာဏာပိုင်းများက ၎င်းည ၁၀ နာရီခန့်တွင် ပူးပေါင်း ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။
“အဲဒီမှာ ခရစ်မတ်ပွဲအတွက် ပွဲလုပ်ဖို့ ခွင့်ပြုချက် ယူထားတာတွေ မရှိတော့ အဲဒီမှာ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးက ပူးပေါင်းပြီးမှ ဝင်စစ်တယ်။ စစ်တဲ့အခါမှာ ကတ်မရှိတဲ့ လူတွေကို အကုန်လုံး ဖမ်းသွားတယ်။ အဲဒီမှာ ပါတာက ချင်းရယ်၊ ရခိုင်ရယ်၊ ဗမာရယ် ပါတယ်။ စစ်ဆေးပြီးမှ ဘာမှ အထောက်အထား မရှိတဲ့ လူ ၆၉ ယောက်ကို ဖမ်းထားတယ်” ဟု မလေးရှာမှ ချင်းအရေးလှုပ်ရှား ဆောင်ရွက်သူ တဦးက ပြောသည်။
ခရစ္စမတ်ပွဲတွင် ချင်း၊ ရခိုင်အပါအဝင် မြန်မာနိုင်ငံသား ၂၅၀ ကျော်ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီး စစ်ဆေးခဲ့ပြီး ပွဲစီစဉ်သူ ၄ ဦးအပါအဝင် အထောက်အထားမရှိသူ ၆၉ ဦးတို့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၀ မှ ၄၆ နှစ်ကြား အရွယ်များ ဖြစ်ကြပြီး အမျိုးသမီး ၁၄ ဦးခန့် ပါဝင်ကြောင်း၊ အများစုသည် ဘန်ဒါနီလိုင်းတွင် နေထိုင်ကြသူများဖြစ်ပြီး ကွာလာလမ်ပူမြို့မှ ဘတ်စ်ကားစင်လုံးငှားဖြင့် လာကြသူများလည်း ရှိကြောင်း သိရသည်။
မလေးရှားအာဏာပိုင်များသည် အထောက်အထားမဲ့ ဖမ်းဆီးရမိသူ ချင်းအပါအဝင် မြန်မာနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ နိုင်ငံကူးလက်မှတ်အက်ဥပဒေများဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက်ကလည်း ဆလန်ဂေါပြည်နယ်၊ Dengkil တွင် မြန်မာနိုင်ငံသားအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၅၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရကြောင်းသိရသည်။