(004SS)
မလေးရှားနိုင်ငံတွင် ချင်းလူမျိုး အသက် ၈ နှစ်အရွယ် ပီတာဗျက်ထာကျုံးကို လည်ပင်းညစ်သတ်ဖြတ်သွားသူကို ဧပြီလ ၁၅ ရက်ည ၁၁ နာရီခွဲဝန်းကျင်တွင် မလေးရှားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။
“သတင်းအရ သူ့ရွာလူကြီးတွေက ဆုံးသွားတဲ့ကလေးရဲ့မိသားစုကို အရင်တောင်းပန်ဖို့သွားကြတယ်၊ ဒါနဲ့ ကလေးမိသားစုဘက်က လူသတ်သမားကိုသာ အရင်ထုတ်ပေးဖို့ တောင်းဆိုကြတယ်၊ မထုတ်ပေးရင် လက်မခံဘူးလို့ ငြင်းဆိုမှ ဒီလူကိုမိတာတဲ့” ဟု နီးစပ်သူတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၄ ရက်နေ့လည် ၃ နာရီဝန်းကျင်တွင် ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်ရှိ တိုက်ခန်းတစ်ထပ်တည်းတွင် အတူနေထိုင်သော ဟရန်တလိန်းထန်က ပီတာဗျက်ထာကျုံးအား လည်ပင်းညစ် သတ်ဖြတ်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့တွေမှ လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။
ဟရန်တလိန်းထန်သည် ထွက်ပြေးရာမှ သူငယ်ချင်းဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိလာပြီးနောက် ရဲတပ်ဖွဲ့ထံအကြောင်းကြားကာ အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။
ပီတာဗျက်ထာကျုံးကို သတ်ဖြတ်သွားသူ အသက် ၂၁ နှစ်အရွယ် ဟရန်တလိန်းထန်သည် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မီအေဒေသ Hmaikhah ရွာကနေ မလေးရှားနိုင်ငံမှာ နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းကို ကွာလာလမ်ပူရဲစခန်းတွင် ထိန်းသိမ်းထားဆဲဟု သိရသည်။