ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်သည့် ချင်းလူမျိုး ၁၄ ဦးတို့စီးနင်းလိုက်လာသည့် ယာဉ်တစ်စီးသည် မေလ ၁၉ ရက်နေ့က တိမ်းမှောက်၍ ၃ ဦးပွဲချင်းသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းနယ်စပ်မှ ကွာလာလမ်ပူမြို့ဘက်သို့ ထွက်ခွါလာသည့် အဆိုပါကားသည် ဘာတာဝပ်မြို့နှင့် အီပိုမြို့အကြား မိုင်တိုင်အမှတ် ၁၉၀/၅ ဟိုက်ဝေးလမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသော စတီးပရိတ်ပြားများကို တိုက်မိ၍ ကားထဲပါလာသည့် လူ ၄ ယောက်သည် တံတားပေါ်မှ အောက်ဘက် ကားလမ်းမကြီးသို့ လွင့်ထွက်ပြုကျပြီး ပွဲချင်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားမှာနေထိုင်သည့် Khumi Community မှ ဦးအိုက်လွင်ကပြောသည်။
အဆိုပါကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် ၇ ဦးမှာ ဒဏ်ရရာရှိပြီး တိုင်ပင်ဆေးရုံးသို့ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေကြပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။ ဒဏ်ရာအနည်းငယ်သာရရှိကြသည့် ၄ ဦးကိုမူ စစ်ဆေးရန်အတွက် မလေးရှားရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။
ကားပေါ်သို့ လိုက်ပါလာသည့် ချင်းလူမျိုးများသည် ချင်းပြည်နယ် ပလက်ဝ၊ မတူပီ နှင့် တီးတိန်မြို့နယ်တို့မှဖြစ်ကြပြီး သေဆုံးသည့် ၃ ဦးမှာ ပလက်ဝမြို့နယ် ဆမီးမြို့ကဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ ကျနော်တို့ သေဆုံးတဲ့ မိသားစုဝင်တွေ အခုအဆက်အသွယ်လုပ်နေတယ် မလေးရှာမှာပဲ သဂြိုလ်ခွင့်ပြုတယ်ဆိုရင် မလေးရှားမှာရှိတဲ့ ပလက်ဝ Khumi Community ကနေ သဂြိုလ်ပေးဖို့စီစဉ်နေတယ် ဒါပေမယ့် ခုလောလောဆယ်တော့ သူတို့မိသားစုတွေရဲ့ဆန္ဒကိုစောင့်နေပါတယ်’’ ဟု ဦးအိုက်လွင်ကပြောသည်။ သေဆုံးသည့် ၃ ဦးမှာ မောင်မောင်သန်း (၂၇)၊ မောင်ဆုမွန် (၂၀) နှင့် မောင်ခတ်လိုက်(၃၇) တို့ဖြစ်သည်။