အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) အနီးတွင် မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တဖက် မီဇိုရမ်ပြည်နယ် ဇိုးခေါထားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင်၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။
အဆိုပါစစ်ဘေးရှောင်ပြည်သူများမှာ ရိခေါဒါရ်မြို့နဲ့အနီးတဝိုက်က ကျေးရွာပြည်သူလူထုများဖြစ်ကြောင်း သိရပြီး နေထိုင်စရာ ဆွေမျိုးသားချင်းမရှိသော စစ်ဘေးရှောင် ၅၀၀ ကျော်ကို ဇိုးခေါထားကျေးရွာ ပြည်သူလူထုများက ကူညီစောင့်ရှောက်ကာ ဂိုဒေါင် ၃ ခုတွင် နေရာထိုင်ခင်းစီစဉ်ပေးကြသည်။
ဇိုးခေါထားကျေးရွာနေလူငယ်တစ်ဦးက “အိန္ဒိယစံတော်ချိန် မနက် ၄ နာရီ လောက်ကစပြီး ဒီဘက်ကို ထွက်ပြေး လာကြတယ်။ အရေအတွက်အတိကျတော့ မသိရသေးဘူး။ တချို့စစ်ဘေးရှောင်တွေက ဆွေမျိုးသားချင်းအိမ်တွေမှာ နေကြတယ်။ နေစရာမရှိတဲ့ စစ်ဘေးရှောင် အယောက် ၅၀၀ ကျော်လောက်ကိုတော့ ဇိုးခေါထားကျေးရွာ ပြည်သူလူထုတွေက မနက်နဲ့ညနေစာ ပြင်ဆင်ပေးထားတယ်။” ဟု ပြောသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းပေါ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တပ်စွဲလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုCNA, PDF-Zoland, CNDF, CDM-Siyin နှင့် CDF-Hualngoram စတဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ဦးသေးဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သေဆုံးသူမရှိကြောင်း သိရသည်။
ယခုလက်ရှိ ဇိုးခေါထားကျေးရွာတွင် စစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။