(006SV)
ချင်းပြည်နယ်၊ ဟားခါးမြို့ ပတ်စ်ပို့စ်ရုံးတွင်လည်း ပြည်ပထွက်၍ အလုပ်လုပ်ကိုင်မည့်သူများ ပတ်စ်ပို့စ်သက်တမ်းတိုးလျှင် အခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှ သက်တမ်းတိုးပေးတော့မည်ဟု ဟားခါးပတ်စ်ပို့စ်ရုံးနှင့် နီးစပ်သူများက ပြောသည်။
“အလုပ်လုပ်တဲ့သူတွေပါပဲ။ အသစ်လုပ်တဲ့သူကတော့ ဘာမှ မရှိပါဘူး။ ဟားခါးပတ်စ်ပို့ရုံးမှာရော တောင်းနေပါပြီး။ ပုံစံ ၁၇ သုံးရင်ရပြီး အခွန်ကိစ္စပေါ့နော်။ ဒါက အဟောင်းတွေ သက်တမ်းတိုးတဲ့ လူတွေပေါ့” ဟု ဟားခါးပတ်စ်ပို့စ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ်အမျိုးအစား နှစ်ခုဖြစ်သည့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) နှင့် သင်္ဘောသားနိုင်ငံကူး လက်မှတ် (PS) ကိုင်ဆောင်ထားသူများ သက်တမ်းတိုးလျှောက်ထားသည့်အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို အခြားလိုအပ်သော စာရွက်စာတမ်း များနှင့်အတူ ယူလာရမည်ဟု ပြောဆိုကြောင်း ဟားခါးပတ်စ်ပို့စ်ရုံးနှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီက ပြည်ပနိုင်ငံများမှာ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများထံမှ လက်ရှိ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး အခွန်ကောက်ခံတော့မည်ဟု ထုတ်ပြန်ထားသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ ဝင်ငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် ပြည်တွင်း ဝင်ငွေခွန်နှုန်းထားဖြင့် ကောက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ပြည်ပနိုင်ငံအသီးသီးတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် တစ်လလျှင် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင် ၁ ကြိမ်မှ ၃ လစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ယခု အောက်တိုဘာလမှ စတင်၍ ပြန်လည်လွှဲပို့ရမည်ဖြစ်ကြောင်း၊ မလိုက်နာပါက အလုပ်သမားများကို ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ် ပိတ်ပင်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ဟားခါးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပါတ်စ်ပို့ရုံး) တွင် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ နိုင်ငံကူး လက်မှတ်များ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်သည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင်ပင် တရားဝင်အထောက်အထားနှင့် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူ ချင်းလူမျိုး တစ်သိန်း ဝန်းကျင်ခန့်ရှိသည်ဟု မလေးရှားရောက် ချင်းလူမှုရေးအဖွဲ့များက ပြောသည်။