ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Keivangzuan တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က Rung Operation အမည်ဖြင့် အဆိုပါစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြပြီး ယနေ့ ဩဂုတ်လ ၁၂ ရက်မနက် ၅ နာရီ ၅၅ မိနစ်တွင် စတင်တိုက်ခိုက်ကာ ၆ နာရီ ၄၀ မိနစ်တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-Hakha က ထုတ်ပြန်သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၆၀ မမ၊ MA1 နှစ်လက်၊ MA2 လေးလက်၊ MA3 တစ်လက်၊ MA4 နှစ်လက်၊ Machine gun တစ်လက်၊ ကျည်ဘောက် ၂၅ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ Keivangzuan တပ်စခန်းသည် ဟားခါးမြို့နှင့် ၄ မိုင်ခန့်သာကွာဝေးသည်ဟု သိရသည်။
CDF-Hakha အနေဖြင့် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် Rung Operation ကို ဖော်ဆောင်နေပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထားသည်။