(01RB)
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တွင်ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အယောက် ၃၀ နီးပါးခန့် သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်ကလည်း ၁၀ ယောက်ကျော် ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။
အင်အား ၁၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာခဲ့ရာမှာ ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အောက်ဖက်နှင့် အပေါ်ဖက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မေလ ၂၆ ရက်နေကတည်းက ယနေ့ချိန်ထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျှက်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က ၂၇ ဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ၁၂ ဦးကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
“အခုက သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ အဲ့ဒီ ၂၆ ရက်နေ့မတိုင်ခင် သုံးရက်အလိုကနေ သူတို့ မြေပြင်တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့လည်းပစ်တယ် ပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်၊ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်၊ အဲ့ဒီမှာ ကျွန်တော်တို့ဖက်က ၁၂ ယောက်ကျပြီးတော့ ၁၀ ယောက်ခန့် ဒဏ်ရာရတယ်၊ သူတို့ဘက်က ဒီနေ့အထိဆိုရင် ၃၀ နီးပါး၊ ကျွန်တော်တို့ တွက်ထားတာကတော့ ၂၇ ဦးပေါ့ ပြီးတော့ ဒဏ်ရာရရှိတဲ့ဟာ စာရင်းကောက်ထားအရ ၁၅ ဦးပေါ့ ဒါကတော့ မြေပြင်သတင်းအရ ကျွန်တော်တို့သိရတာပေါ့” ဟု ဆလိုင်းထက်နီကပြောသည်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့မှ ရဲဘော် ၃ ဦးနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မှ ရဲဘော် ၉ ဦးတို့ဖြစ်ကြပြီး ၎င်းတို့သည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော ရဲဘော်အား သွားရောက်ကယ်ထုတ်နေစဉ်မှာ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် သီမြစ်လွင်ပြင်တိုက်ပွဲတွင် လေကြောင်းစစ်ကူအသုံးပြုသည်သာမက လက်နက်ကြီးများ အလွန်အကျွန်အသုံးပြုပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကို အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်ပြီး ချင်းအမျိုးသားတပ်ဦးဗဟိုဌာနချုပ် ဝိတိုရိယစခန်းအထိ တိုက်ခိုက်ခြေမှုန်းရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။
“ဒီနှစ်ထဲမှာ ချင်းရယ်၊ ကရင်နီရယ် ပြီးတော့ စစ်ကိုင်းတိုင်းရယ် အဲ့ဒီမှာလေကြောင်းရော ကုန်းကြောင်းရော ဖိပြီးတော့ ခြေမှုန်းရေး စစ်ဆင်ရေးလုပ်မယ်ဆိုတာ ကျွန်တော်တို့ အတွင်းသတင်းရထားတာရှိတယ်၊ အဲ့ဒီကနေမှ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေခြေမှုန်းမယ် ပြီးခါမှ ကျွန်တော်တို့ Victoria Base ချင်းအမျိုးသားတပ်ဦး/တပ်မတော်နေရာထိ ခြေမှုန်းဖို့ ကြိုးစားလာတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ယခု သီမြစ်လွင်ပြင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်-CNA ၏ စစ်ရေးဦးဆောင်မှုဖြင့် CDF-Zophei၊ CDF-Lautu၊ CDF-Hakha နှင့် CDF-Thantlang စသည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့သို့ ရောက်ရှိရန် မဖြစ်မနေ ကြိုးစားမည့်အနေအထားတွင်ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု သိရသည်။