အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၂၂ ရက်နေ့တွင် ယာယီသမ္မတရာထူးကို လွဲပြောင်းရယူလိုက်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရသည့်အချိန် တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့ကြောင်း သိရသည်။
ထိုသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီခွဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အာဏာသိမ်းစစ်ခေါင်းဆောင်ထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေမကောင်းသည့် အတွက် ဆေးကုသမှုခံယူခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး အရေးပေါ်ကာလကို ၆ လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာမှာ ဇူလိုင်လ ၃၁ ရက်ဆို သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
အရေးပေါ်ကာလ သက်တမ်းပြည့်ရန် နီးကပ်လာသည့်အချိန်တွင် ကျန်းမာရေးမကောင်းသည့် ယာယီသမ္မတ ဦးမြင့်ဆွေနေရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းရယူလိုက်ခြင်းဖြစ်သည်။