ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် တောင်ယာထဲစစ်ဘေးတိမ်းရှောင်နေတဲ့စစ်ဘေးရှောင်ပြည်သူ ၄ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကန်ပက်လက်မြို့နယ် မြက်ပြင်ကျယ်ရွာထဲ ဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အကြောင်းမဲ့ပစ်ခတ်တာကြောင့် တောင်ယာထဲကို စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက “မြက်ပြင်ကျယ်ရွာ တောင်ယာလုပ်ရင်းနဲ့ စစ်ဘေးရှောင်ရင်း၊ ပုန်းရင်းနဲ့ အဲ့မှာ တဲ ၁၀ လုံးလောက်ရှိတဲ့ထဲမှာ ၂ လုံးလောက်ကို သူတို့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တရပ်စပ်ပစ်တော့ ဒဏ်ရာရတာ ၃ ယောက်၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်။ ၁ ယောက်ကျတော့ သိပ်ပြီးမပြင်းထန်ဘူး” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေဟာ အသက် ၅၀ ကနေ ၇၀ အရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး လက်မောင်း၊ ခါးတွေမှာ ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကိုတော့ နီးစပ်ရာဆေးပေးခန်းတစ်ခုမှာ ပို့ဆောင်ပြီး ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြက်ပြင်ကျယ်ရွာကနေ ကျောက်တောင်ကျေးရွာဘက်ကို ဆက်လက်ဝင်ရောက်ခဲ့ကြပြီး အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးကာ ၄ ယောက်ကို ပြန်လွှတ်ပေးပြီး ၂ ယောက်ကိုတော့ ဒီကနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြံတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၁၁၊ တပ်မ ၅၅၊ တပ်မ ၁၀၁ တို့ဟာ ကြံတောကျေးရွာကနေ ကန်ပက်လက်မြို့နယ် မြက်ပြင်ကျယ်၊ အထက်လက်မွန်၊ အောက်လက်မွန်၊ ခါပန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ အထက်လက်မွန်၊ အောက်လက်မွန်က ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်ဆုတ်သွားတာကြောင့် ပြည်သူတချို့ ကျေးရွာအတွင်း ပြန်ဝင်ကြတယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စစ်မြေပြင်နဲ့ အဝေးဆုံးနေရာမှာ သတိဝိရိယနဲ့ ရှောင်ပေးကြဖို့၊ စစ်ကောင်စီတပ်ဖွဲရဲ့စစ်ကြောင်းကို အထူးဂရုစိုက်ကြဖို့နဲ့ ကန်ပက်လက်-ဆောလမ်းပိုင်း အသုံးမပြုကြဖို့ ကန်ပက်လက်မြို့နယ် ပ.အ.ဖ က သတင်းထုတ်ပြန်ထားပါတယ်။