ကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဟု CDF – ကန်ပက်လက်ကြေညာ
(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် CDF – ကန်ပက်လက်၏ တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း မှအပ အရပ်သားပြည်သူများအနေဖြင့် ရိုင်ဖယ်အပါအဝင် စစ်ဘက်သုံးပစ္စည်းများကို လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ခြင်းမပြုရန် ကြေညာလိုက်သည်။
ဩဂုတ်လ ၅ ရက်တွင် ကန်ပက်လက်မြို့နယ်အခြေစိုက် CDF – ကန်ပက်လက်က အသိပေးထုတ်ပြန်ခြင်းဖြစ်ပြီး တားမြစ် ချက်များကို ကျူးလွန်ကြောင်း စုံစမ်းစစ်ဆေး တွေ့ရှိပါက စစ်ဘက်ဆိုင်ရာဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးအရေးယူသွားမည်ဟု အသိပေးထုတ်ပြန်သည်။
“ဒီကြားကာလမှာ ပြည်သူလုံခြုံရေးကို ရှေးရှုရမှာ ဖြစ်တယ်။ ပဋိပက္ခတွေ လျော့နည်းအောင်ပေါ့နော်။ အဓိက မောင်းပြန်ရိုင်ဖယ်က အစပေါ့နော်၊၊ ကာကွယ်ရေးပစ္စည်းတွေက ကာကွယ်ရေးက လွဲပြီး အခြားပြည်သူတွေဆီမှာ လုံးဝ မရှိသင့်တဲ့အရာ ဖြစ်တယ်။ တချို့အဖွဲ့အစည်းတွေက အဓိကက CNA ပေါ့လေ။ Shotgun တွေကို ပြည်သူ့ လက်ထဲကို ပေးတာတွေ ရှိတယ်။ ဒါတွေက မဖြစ် သင့်ဘူး။ CDF – ကန်ပက်လက် ဧရိယာထဲမှာ ပြည်သူ့လုံခြုံရေးကို ရှေးရှုပြီးမှ မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်ဖို့ မောင်းပြန်က အစ၊ ကာကွယ်ရေးဆက်စပ်ပစ္စည်း၊ မိုင်းယမ်းခဲတွေက ပြည်သူလက်ဝယ်ဆီမှာ မရောက်မိဖို့ လိုတယ်။ ကာကွယ်ရေးတာဝန်ရှိတဲ့ လူတွေဆီမှာပဲ ရှိနေရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထု လုံခြုံရေးကို ရှေးရှုပြီး ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိတွင် CNF/ CNA သည် ကန်ပက်လက်မြို့နယ်အတွင်း အရပ်သားပြည်သူတချို့ကို တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်များ၊ Shotgun များ၊ ဆက်သွယ်ရေးအိုင်ဂွင်များ တပ်ဆင်ပေး၍ CDF – ကန်ပက်လက် ထိန်းချုပ် ဧရိယာမှာ နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်နေသည်ဟု CDF-ကန်ပက်လက်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
CDF – ကန်ပက်လက်က ၎င်းတို့တာဝန်ပေးအပ်ခံရသော လူပုဂ္ဂိုလ်/ အဖွဲ့အစည်းမှအပ တိုက်ခိုက်ရေး မောင်းပြန် ရိုင်ဖယ်၊ စစ်သုံးကျည်ဆံ၊ ဖောက်ခွဲရေးပစ္စည်း၊ စကားပြောစက်၊ ဒရုန်းနှင့် စစ်ဘက်ဆိုင်ရာသုံး မည်သည့်ပစ္စည်းမဆို တရားမဝင် လက်ဝယ်ပိုင်ဆိုင်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။
၂၀၂၃ ဇွန်လ ၂၃ ရက်ကလည်း ကန်ပက်လက်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူထု အသက်အိုးအိမ် စည်းစိမ်ကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့နယ်တွင် CDF – ကန်ပက်လက်၏ ခွင့်ပြုချက် မရှိဘဲ အခြားလက်နက်ကိုင်အဖွဲ့များ မရှိစေရ ဟူသော မူဝါဒကို ချမှတ်ထားသည်ဟု သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင် စစ်ဆင်ရေးဖြင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွဲ၍ သိမ်းပိုက်ပြီး ချင်းညီနောင်အဖွဲ့ဝင် CDF – ကန်ပက်လက်သည် အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။