(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် ဆိုင်းဘုတ်ပေါ်တွင် ချင်းပြည်အလံနှင့် CDF – ကန်ပက်လက်အလံတို့ကို လွှင့်ထူထားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်က ထုတ်ပြန်သည်။
“ကိုယ့်မြို့ကိုယ် စိုးမိုးတော့မယ်လို့ နမိတ်ပြလိုခြင်းဖြစ်တယ်။ ကိုယ့်မြို့ကို ကိုယ်ပိုင်တယ် ဆိုတာကို ပြသလိုခြင်းဖြစ်တယ်။ လူသူမနေတော့တဲ့ မြို့ပျက်ကြီးလိုများဖြစ်နေတဲ့ ကန်ပက်လက်မြို့လေးကို ကျနော်တို့ ပြန်ပိုင်ချင်တယ်၊၊၊ ပြန်နေချင်တယ်။ အရင်လို ပြန်လည်စိုပြေစေချင်တယ်။ ဒါကြောင့် ပြန်ပိုင်ဆိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။
ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ကန်ပက်လက်မြို့ အဝင်လမ်းမပေါ်ရှိ “လောက်နူးမြေ ကန်ပက်လက်မြို့မှ လှိုင်လှဲစွာ ကြိုဆိုပါ” ဟူ၍ ရေးထားသည့် ဆိုင်းဘုတ်ကြီးပေါ်တွင် CDF ကန်ပက်လက် ရဲဘော်များက ချင်းပြည်နယ်အလံနှင့် CDF- ကန်ပက်လက်အလံတို့ကို လွှင်ထူထားခြင်းကို ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ခြင်းဖြစ်သည်။
ခုခံပြောက်ကျားစစ်မှ စခန်းသိမ်းထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ရန်ပုံငွေလှုပ်ရှားမှု ကမ်ပိန်းကို ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ CDF ကန်ပက်လက်က ပြုလုပ်နေပါသည်။