Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ကလောင်ကိုင်သောလက်မှ လက်နက်ကိုင်တော်လှန်သူ

ကလောင်ကိုင်သောလက်မှ လက်နက်ကိုင်တော်လှန်သူ

0
By Editor on June 28, 2022 Featured

ရေးသူ- Salai Vakok

“တီးတိန်မြို့တွင် အသက်၂၀ အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်”

အထက်ပါခေါင်းစီးနှင့် သတင်းကို ဆလိုင်းဘင်နဇာက ချင်းပြည်နယ်အခြေစိုက် Khonumthung မီဒီယာတွင် ရေးသားခဲ့ခြင်းပါ။ ထိုချိန်က ဘင်နဇာသည် ချင်းပြည်နယ်က သတင်းတွေကို ချင်းပြည်နှင့် တစ်နိုင်ငံလုံးသိရဖို့ သတင်းတွေ ဖန်တီးရေးသားနေခဲ့ပြီး လက်နက်ကိုင်ခုခံတော်လှန်မှုထဲ မဝင်ရောက်ခဲ့သေးချိန်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းတောင်တကြော၏ ဆန္ဒပြပွဲတွေကို ဘင်နဇာက တောက်လျှောက် သတင်းတွေယူခဲ့ရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အသက် ၂၀ အရွယ် Tg.Felix Thang Muan Lian ကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်မှုသတင်းသည် ဘင်နဇာ ရေးသားခဲ့သော သတင်းများစွာထဲက တစ်ပုဒ်ဖြစ်သည်။

စစ်ကောင်စီက ဆန္ဒပြသူတွေကို နှိမ်နှင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းနှင့် တိုက်ပွဲသတင်းတွေကို ဘင်နဇာတို့ သတင်းသမားတွေက ပြည်သူလူထုတွေအချိန်နှင့်တပြေးညီသိနိုင်ဖို့ နေ့စဉ်ရေးသားရပါသည်။ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှု သတင်းတွေ နေ့စဉ်နဲ့အမျှ ရေးနေရသော ဘင်နဇာ၏ စိတ်တွေ ထိန်းမရတော့ပါ၊ ကိုယ်တိုင်ဝင်၍ ဆန္ဒပြချင်လာသည်။ တော်လှန်ခုခံချင်လာသည်။

ဘင်နဇာကို ဂျာနယ်လစ်ဇင်ကျင့်ဝတ်တွေက တားမြစ်ထားသည်။ သတင်းသမားသည် ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်၍မရဘဲ သတင်းဖြစ်ရပ်များကိုသာ အများပြည်သူ သိရှိရန်၊ ဖော်ထုတ်တင်ပြရန် တာဝန်ရှိသည်။

ကိုယ့်မိတ်ဆွေနှင့် ညီအစ်ကိုမောင်နှမတွေ အပါအဝင် ကိုယ့်လူမျိုးတွေ တော်လှန်နေချိန်တွင် ဘင်နဇာက ကွန်ပျူတာရှေ့တွင်ထိုင်ပြီး သတင်းတင်ဆက်နေရသည်ကို စိတ်မလုံပါ။ သတင်းရေးနေရင်း မျက်ရည်ကျသည့် အချိန်ရှိသကဲ့သို့ အားတင်းရင်းရေးနေရသည့် အချိန်တွေကို ဘင်နဇာ ခုထိ မမေ့နိုင်ခဲ့။

“ကိုယ်တိုင် ကိုယ်ကျ လူတိုင်း၊ ဒီအာဏာရှင်ကို ဖြုတ်ချဖို့ဆိုရင် လူတိုင်းပါဝင်ဖို့ လိုတယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချပြီး၊ အလုပ်ထွက်လိုက်ပြီးတော့ ဒီအထဲကို ရောက်လာတာဖြစ်ပါတယ်”

ချင်းလဲန်းက လက်နက်ကိုင်တော်လှန်ရေးတွင် ကလောင်တံကိုင်သော လက်မှ သေနတ်ကိုင်လာကြသူက ဘင်နဇာတစ်ဦးတည်း မဟုတ်ပါ။ သတင်းတိုက်ပိုင်ရှင်၊ အယ်ဒီတာ၊ သတင်းထောက်၊ ကင်မရာမန်းစသည့် မီဒီယာလောကကဏ္ဍစုံက ၁၀ ဦးကျော်သည် လက်နက်ကိုင်တော်လှန်နေကြပါသည်။

ဘင်နဇာ ကလောင်ကိုင်သော ဘဝ

၂၀၁၃ တွင် ဘင်နဇာက ချင်းအခြေစိုက်မီဒီယာတွေ၏ ပုံနှိပ်ထုတ်ဝေရေးမှာ ကူညီနေခဲ့သူ။ ၂၀၁၅ ရောက်တော့ The Chinland Post သတင်းဌာနတွင် ရုပ်သံသတင်းထောက်အဖြစ် သတင်းမီဒီယာလောကကို စတင် ၀င်ရောက်သည်။ အများပြည်သူကို သတင်းတင်ဆက်နိုင်ဖို့ မိသားစု၏ဝေးရာ ဟားခါးတွင် တစ်ဦးတည်း ခြေချသည်။

ဘင်နဇာ၏ သတင်းထောက်အလုပ်ကို မြို့ပြတစ်ခုတွင်နေထိုင်သော မိဘတွေက ခွင့်မပြုပါ။ သို့သော် ဘင်နဇာက သူယုံကြည်ရာကို လျှောက်လှမ်းသူဖြစ်သည်။

မိဘက ကျောင်းပြီးအောင်ဆက်တက်စေချင်ပြီး တခြားစီးပွားရေးလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်စေချင်သည်။ သတင်းထောက်အလုပ်က ခက်ခဲပြီး အန္တရာယ်များ၍ ဖြစ်သည်။

ချင်းလဲန်းပို့စ်တွင် သတင်းထောက်လုပ်စဉ်က လုပ်နေရင်း မီဒီယာအလုပ်ကို ပိုစိတ်ဝင်စားလာသည်။ ၂၀၁၆ နှောင်းပိုင်းတွင် ပြည်မမီဒီယာ Eleven ကို ပြောင်းရွေ့ပြီး သတင်းစာပညာ၊ ဝမ်းစာဆက်လက်ဖြည့်ဆည်းနေခဲ့သည်။ ၂၀၁၈ တွင် Chin World မီဒီယာသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ငယ်စဉ်က နည်းပညာပိုင်းကို ဝါသနာထုံခဲ့ပြီး စာပေဖြင့် အသက်မွေးဝမ်းကျောင်းမည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးသော ဘင်နဇာ၏ ၇ နှစ်သော စာနယ်ဇင်းလောက ကျင်လည်မှုတွင် ပထမပိုင်း ၄ နှစ်ခန့်က ခက်ခဲ၍ ရုန်းကန်ရသော နယ်သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံက စာနယ်ဇင်းလောက၏ စားဝတ်နေရေးနှင့် ငွေကြေး မလောက်ငှသော၊ ဝါသနာအရင်းခံ လုပ်ရသော နယ်သတင်းထောက်များထဲတွင် ဘင်နဇာလည်းပါဝင်သည်။ သတင်းထောက်လုပ်ရန် မိသားစု၏ အဝေး၊ ဟားခါးတွင် တစ်ဦးတည်း အခြေချရသော ဘင်နဇာသည် လစာနှင့် စာမူခတို့ဖြင့် မလောက်ငှ၍ မိတ်ဆွေတချို့က ကျွေးထားရသော အချိန်များပင် ရှိသည်။

“မိသားစုနဲ့လည်း မနေရဘူးဆိုတော့ တခါတလေ ငတ်တလှည့်၊ ပြတ်တလှည့်၊ စားစရာမရှိတဲ့ အချိန်တွေ တောင်ရှိတယ်။ လက်ထဲမှာ ပိုက်ဆံတစ်ထောင်ပဲ ရှိတဲ့အချိန်တို့၊ တပြားမှ မရှိတဲ့ အချိန်တို့။ ဒါပေမဲ့ သည်းခံပြီး နေရတာပဲ”

နယ်က ရုပ်သံသတင်းထောက်တွေက အကုန်လုပ်ရပြီး နယ်ပယ်အားလုံးကို ဖော်ထုတ်ရေးသားရသည်။ ၂၀၁၉ မှ ၂၀၂၁ နှစ်လယ်အထိ လက်နက်မကိုင်ခင်က Khonumthung မီဒီယာတွင် လုပ်ကိုင်နေခဲ့သည်။

သတင်းသမားအဖြစ် ဘင်နဇာဂုဏ်ယူနေမိသည့် အချိန်တချို့လည်း ရှိသည်။ ၂၀၁၈-၁၉ ဝန်းကျင်က Chin World တွင် လုပ်ခဲ့စဉ်က ဖြစ်သည်။ ဘင်နဇာ တင်ဆက်သော သတင်းတစ်ပုဒ်ကြောင့် ချင်းပြည်နယ်အစိုးရ တစ်ဖွဲ့ လုံးကို လှုပ်ခတ်သွားစေသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေက ဖုန်းစပီကာဖွင့်၍ ထိုသတင်းကို ဘင်နဇာနှင့် ဆွေးနွေးရသည်။ သတင်းသမားတစ်ဦး၏ အလုပ်ကို ကျင့်ဝတ်နှင့်အညီ လုပ်ခဲ့သော ဘင်နဇာက အစိုးရက ရန်ရှာမည်ကို မကြောက်ဘဲ ပျော်ရွှင်ခဲ့ရသည်။

“သတင်းထောက်ရဲ့ တာဝန်က လူထုအတွက် လုပ်ရတာဆိုတော့ အစိုးရကို ဝေဖန်တိုက်ခိုက်တာ မဟုတ်ဘဲ သူတို့ လုပ်တဲ့အမှားတွေကို ထောက်ပြ၊ လိုအပ်တာ လုပ်တာဆိုတော့ ပြည်သူ့အတွက် အကျိုးရှိတဲ့ အသီးအပွင့်ကို ခံစားရတယ်”

နိုင်ငံသိ၊ ကမ္ဘာ့သိဖို့ အရည်အသွေးပြည့်မိသော ချင်းပြည်က သတင်းတွေကို ထုတ်လုပ်ဖို့ ချင်းမီဒီယာ အေဂျင်စီထောင်ချင်သော အိမ်မက်မှာလည်း စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဝေဝါးသွားသည်။

ချင်းပြည် တိုးတက်ဖို့ တဖက်တလမ်းက လုပ်မည်ဆိုသော စိတ်ဖြင့် ကွန်ပျူတာ၊ ဘောပင်နှင့် ကင်မရာ ကိုင်ခဲ့သော ဘင်နဇာ၏ လက်တွေသည် စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် တော်လှန်ရေးထဲမှာ ကိုယ်တိုင်ပါဝင်လို၍ သေနတ်ပြောင်းကိုင်ခဲ့သည်။
တော်လှန်ခုခံသူ ဘင်နဇာ

သို့သော် ဘင်နဇာ၏ ချင်းပြည် အနာဂါတ်ကို မြင်ချင်သော စိတ်နှင့် ရည်ရွယ်ချက်က အတူတူပင်ဖြစ်သည်။

နှစ်ပေါင်း (၇၀) ကျော် မြန်မာစစ်တပ်က အာဏာမကြာခဏ သိမ်းခြင်း၊ ဗိုလ်ကျအနိုင်ကျင့်ခြင်းနှင့် တိုင်းရင်း သားတွေကို ခွဲခြားခြင်းတွေကို ယခုမျိုုးဆက်တွင် အပြီးတိုက်ထုတ်ရမည်ဟု ဘင်နဇာက ယုံကြည်သည်။

“ဒီတစ်ခေါက်မှ မနိုင်ရင်တော့ ကျနော်တို့လိုပဲ ကျနော်တို့ သားစဉ်၊ မြေးဆက် ကြုံနေရမှာပဲ။ ဒီတော်လှန်ရေးမှာ ပါဝင်ကြတဲ့ လူအားလုံးက ဒီနွေဦးတော်လှန်ရေးကို နိုင်ကို နိုင်ဖို့ ဆုံးဖြတ်ပြီး တိုက်နေတာ”

တက္ကသိုလ်တစ်ခုမှာ သမိုင်းဘာသာဖြင့် ကျောင်းတက်ဖူးသော ဘင်နဇာက ပါဝါ ၂၀၀ ရှိသော မျက်မှန်ကို တပ်ထားသည်။ အသားအနည်းငယ်ညို၍ အသက် ၂၉ ပြည့်ပါပြီ။ ချင်းအမျိုးသားတပ်ဦး၏ စစ်ဝတ်စုံ၊ လက်တစ်စုံ ကို ဘောင်ဘီးအိပ်ကပ်ထဲ ထည့်ထားပုံက မာန်ရှိလှသည်။

လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ချိန်တွင် မိဘတွေက လုံးဝ သဘောမတူခဲ့ပါ။ ဘင်နဇာက ယုံကြည်ရာကို လျှောက်လမ်းတတ်သူ ပီပီ၊ မိဘစကားကို ဒုတိယအကြိမ် ငြင်းပယ်ရပြန်သည်။ မိဘအများစုက မိမိ၏ သွေးချင်း၊ သားချင်းတစ်ဦး အန္တာရာယ်တောထဲ ဝင်မည်ကို လက်ခံလိမ့်မည် မဟုတ်ပါ။

သို့သော် ဘင်နဇာက လက်နက်ကိုင်ဖို့ ချင်းအမျိုးသားတပ်ဦးဆီ ထွက်လာခဲ့သည်။ ရှေ့တန်း ၂ ကြိမ် ထွက်ထားပြီး နည်းပညာပိုင်းနှင့် ရုံးလုပ်ငန်းတွေကို အဓိက တာဝန်ယူရသည်။

သေနတ်သံ၊ ဗုံးသံ၊ အမိန့်ပေးသံတွေနှင့် ပြည့်နေသော စစ်မြေပြင်က ကင်မရာ ကိုင်ရသော အချိန်နှင့် မတူတော့ပါ။ ရန်သူ ကျည်ဆန်က အချိန်မရွေးကိုယ်စီလာနိုင်ပြီး ဘယ်အချိန် ကိုယ့်ဆီကို လက်နက်ကြီး ကျမည်ကို ရင်ခုန်လှုပ်ရှားစွာ စောင့်မျှော်နေရတတ်သည်။

ချင်းအမျိုးသားတပ်ဦး၏ ဦးဆောင်မှုဖြင့် တိုက်ပွဲဝင်နေသော ဘင်နဇာတွင် မျှော်လင့်ချက်အပြည့်ရှိနေသည်။

“ချင်းလဲန်းလို့ခေါ်တဲ့ ချင်းတွေနေတဲ့ နေရာတွေ အကုန်လုံးကို ကျနော်တို့ ဘိုးဘေးတွေ ခေတ်ကတည်းက ရှိတဲ့အတိုင်း ကိုယ်ဟာကို အုပ်ချုပ်ခွင့်၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဏစုံ ကိုယ့်လူမျိုး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ဥပဒေပြုခွင့် ကျနော်တို့ ကိုယ်တိုင် ဦးဆောင်ခွင့်ရဖို့ အဲဒါ ကျနော်တို့ မျှော်လင့်ချက်ပါ”။……။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.