(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်တောင်ပိုင်း နတ်ချောင်းကျေးရွာရှိ တိုက်နယ်ဆေးရုံ နှင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့တို့ကို စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီလ (၁၄) ရက်မနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်က စစ်ကောင်စီ၏ ကမ်းပါးနီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက သိမ်း ပိုက်ခဲ့ပြီးနောက် အနီးနားဝတ်ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဒီမနက် ၁၀ နာရီလောက်ကနေ နတ်ချောင်းဆေးရုံကို ကြဲတာ၊ ဆေးရုံနားက အိမ်တွေလည်း ပျက် စီးတယ်။ ပျက်စီးမှုအတိအကျကတော့ မသိနိုင်သေးဘူး။ အခုက လေကြောင်းကရှိနေသေးတယ်။ ပြည်သူတွေ ကတော့ တောက် လျှောက်စစ်ဘေးရှောင်နေကြရတယ်။ ဝေဘူလ လဲကြဲတယ် လော လောဆယ် ချက်ချင်း ကြီးဆိုတော့ ထိခိုက်တာမသိရသေးဘူး။ ရွာမှာကတိုက်ပွဲမရှိဘူး ဒီအတိုင်းကိုလာကြဲသွားတာ။” ဟု နတ်ချောင်းဒေသခံက ပြောသည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နတ်ချောင်းတိုက်နယ်ဆေးရုံအဆောက်အဦးပျက်စီးသွားသည့်အပြင် အနီးနားက ပြည်သူတချို့ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ဖလမ်းမြို့နယ် ဝေဘူလမြို့ ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကိုလည်း ယနေ့မနက်ပိုင်းတွင် တိုက်လေ ယာဉ်ဖြင့် သုံးကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
“ဒီနေ့မနက် (၄) နာရီကျော်ကတည်းက လေယာဉ် Y-12 ဗုံးကြဲနေတာ။ လေကြောင်းတိုက်ခိုက်မှုက အမြဲတမ်းပဲ အခုရောပဲ ကလေးမြို့လေယာဉ်ကွင်းမှာတော့ ဆင်းလိုက် ဆီဖြည့်လိုက်၊ လက်နက်ခဲယမ်းတွေဖြည့် ပြန်တက် လိုက်နဲ့ လုပ်နေတာ” ဟု ကလေးမြို့က တော်လှန်ရေးတပ်ဖွဲနှင့် နီးစပ်သူက ပြောသည်။
စစ်ကောင်စီသည် ကလေးမြို့နယ်တောင်ပိုင်းဒေသက ကျေးရွာများကို ဇန်နဝါရီလကုန်မှစပြီး ယနေ့ချိန်ထိ လေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေသည်။