(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးခံရပြီး စစ်မှုထမ်းအပတ်စဉ်အလိုက် စစ်သင်တန်းတက်ရောက်ပြီးသူများကို စစ်ကောင်စီက စစ်မြေပြင်သို့ ပို့ဆောင်နေသည်ဟု စုံစမ်းသိရှိရသည်။
စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသည့် လူငယ်များသည် ကလေးမြို့နယ် စစ်လေ့ကျင့်ရေး အမှတ် (၁၀) ကျောင်းတွင် (၃) လကြာ စစ်သင်တန်းတက်ရောက်ကြရပြီး သင်တန်းပြီးစီးသူများကို စစ်ကိုင်း၊ ချင်းပြည်နယ် အပါအဝင် ရှေ့တန်းစစ်မြေပြင်နေရာများသို့ ပို့ဆောင်နေသည်ဟု ယင်းအခြေအနေကို စောင့်ကြည့်နေသော ကလေးမြို့ခံတစ်ဦးက ပြောသည်။
“ကလေးမြို့တဝိုက် စစ်သားစုဆောင်းခံရတဲ့သူတွေ လေ့ကျင့်ရေး (၁၀) မှာ သင်တန်းပြီးတဲ့သူတွေကို တခြားမြို့တွေကိုပို့တာ လေယာဉ်ကွင်းမှာ မိသားစုတွေ၊ ဆွေမျိုးတွေ အများကြီးပဲ ငိုယိုနေကြတာတွေလည်း ကိုယ်တိုင်တွေ့ခဲ့ရတယ်။ အများကြီးပဲ လေယာဉ်နဲ့ တခြားမြို့တွေကို ပို့လိုက်ပြီ” ဟု ၎င်းကပြောသည်။
ကလေးမြို့တွင် စစ်မှုထမ်းဥပဒေကြောင့် အဖမ်းခံရသူ စစ်မှုထမ်းအပတ်စဉ် (၆) တွင် လူငယ် (၄၅) ဦး၊ အပတ်စဉ် (၇) တွင် (၅၀) ဦး၊ အပတ်စဉ် (၈) တွင် (၃၀) ဦး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အတွင်း အပတ်စဉ် (၉) တွင် (၆၀) ဦး စုစုပေါင်း (၁၈၅) ဦးအထိရှိခဲ့ပြီး လက်ရှိအထိ ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲဟု သိရသည်။
စစ်မူထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူများသည် အသက် (၁၈) နှစ်မှ အသက် (၄၅) နှစ်အရွယ် အမျိုးသား အများစုဖြစ်ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက် ညနေပိုင်းတွင်လည်း ကလေးမြို့ ပြည်သူ့ဆေးရုံလမ်းစုံအနီးတွင် အလုပ်ဆင်းရာမှ ဆိုက်တွဲဖြင့်အိမ်ပြန်လာသည့် လူငယ်အမျိုးသား (၅) ဦး ဖမ်းဆီးခံရပြီး ကလေး-နတ်ချောင်းလမ်းမကြီး နန်းကလိန်တံတားအနီးတွင် အမျိုးသား (၃) ဦး ဖမ်းဆီးခဲ့ရကာ နှစ်ဦးကိုတော့ ကျပ်သိန်း (၅၀) စီဖြင့် ပြန်ရွေးထုတ်နိုင်ခဲ့သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့က ပတ်လမ်းမရှိတဲ့ တံတားနားမှာ သုံးယောက် အဆွဲခံရတာ။ အသင်းတော်က လူလတ်ပိုင်း အမျိုးသားတွေပဲ။ နှစ်ယောက်ကတော့ သိန်း (၅၀) နဲ့ ဆွဲထုတ်တာ။ တယောက်ကတော့ မရွေးနိုင်လို့ ကျန်ခဲ့တာ။ အခုဖမ်းရင် စုပေါင်းရုံးမှာထားတော့ မိသားစုနဲ့တော့ ဆက်သွယ်လို့ရတယ်။ သူတို့က ဒီလအတွက် ဒီကလေးမြို့က လူဘယ်နှစ်ယောက်ပေးဆိုပြီး စစ်မှုထမ်း လူပြည့်သွားရင် ကျန်တဲ့သူတွေကို ပိုက်ဆံနဲ့ရွေးဖို့ မိသားစုတွေကို ဆက်သွယ်ပေးတယ်။ အဲ့လိုမျိုးနဲ့ဖြစ်သွားလို့ (၂) ညနဲ့ ပြန်ရွေးထုတ်လာတာ” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူက အမျိုးသမီးကပြောသည်။
လက်ရှိ ကလေးမြို့ပေါ်တွင် နေ့စဉ်နှင့်အမျှ လူငယ်ဖမ်းဆီးမှု ပိုမိုပြုလုပ်နေသောကြောင့် ဒေသခံလူငယ်များအနေဖြင့် မလိုအပ်ပဲ နေအိမ်ပြင်ပသွားလာခြင်းများနှင့် ပျှော်ပွဲရွှင်ပွဲအပါအဝင် ခရီးသွားလာခြင်းများ တတ်နိုင်သရွေ့ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ကလေးမြို့ လူထုတိုက်ပွဲဦး ဆောင်ကော်မတီက အသိပေးထားသည်။