(004SS)
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်က ဖိုးလမင်းမုန့်တိုက်ကို စစ်ကောင်စီက ၀င်စီးပြီး ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ် ဆောင်သွားသည့်ဖြစ်ရပ် ဇန်န၀◌ါရီလ ၁၅ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကလေးမြို့ ပင်လုံရပ်ကွက် လမ်းဆုံအနီးရှိ ဖိုးလမင်းမုန့်တိုက်အား စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဖိုးလမင်းမုန့်တိုက်ပိုင်ရှင် အမျိုးသမီးက Kpay နဲ့ တော်လှန်ရေးအဖွဲ့တွေ ငွေကြေးပံ့ပိုးပေးတယ်ဆိုပြီးတော့ ဝင်ဖမ်းတာလို့ကြားတယ်၊ ပြောရရင် ဓါးပြတိုက်တာပေါ့၊ အရင်လိုပဲ သူတို့ဖမ်းမယ်၊ ငွေညစ်မယ် အဲလို့လုပ်ချင်လို့နေမှာ” ဟု ၎င်းက ပြောသည်။
ေဒသခံအချို့၏ ပြောပြချက်အရ ၎င်းမုန့်တိုက်အား ဝင်ရောက်စီးနင်းရာတွင် မုန့်တိုက်ပိုင်ရှင် အမျိုးသမီးနှင့်အတူ ဝန်ထမ်းများ၊ ဈေးဝယ်သူ အပါအဝင် လူ ၁၅ ယောက်အား ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဖမ်းဆီးခံသူများကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် – ဒကစသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီများ၏ လုပ်ရပ်များကြောင့် ကလေးမြို့ရှိ ဆိုင်ရှင်များမှာ အမြဲတစေ စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။
ဗိုလ်ချုပ်လမ်းမဘေး မီးဖိုချောင်ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက “တနေ့က စစ်သားတွေ ကားနဲ့ ဆိုင်ရှေ့ရောက်လာတယ်၊ ကျွန်မကို လှမ်းခေါ်ပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းပြောပြီး ဝယ်တာ သူတို့ ကားထဲကနေ လုံးဝမဆင်းဘူးနော် သူတို့ကို တွေ့တာနဲ့ကို ကြောက်တော့တာ” ဟု ပြောသည်။
ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များ၏ အပြစ်မဲ့ ပြည်သူများအား နေအိမ်ဝင်စီးကာ ဓါးပြတိုက် ငွေညစ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ မကြာခဏ ကြားသိနေရသည်။
စစ်ကောင်စီတပ်များသည် ကလေးမြို့ရှိ မြို့တော်ခန်းမရှေ့၊ နတ်ချောင်းလမ်း၊ အောင်သစ္စာရပ်ကွက် ဘုံတောလမ်း၊ တာဟန်းရပ်ကွက် တောင်ဖီလာလမ်းခွဲနှင့် လက်ပံချောင်းလမ်း စသည့် လူစည်ကားသော နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်ထားဆဲဖြစ်ပြီး လမ်းသွားလမ်းလာများအား ဖမ်းဆီးငွေညှစ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိနေဆဲဟု ဒေသခံများ ပြောပြချက်အရ သိရသည်။