(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို လိုက်လံဖမ်းဆီးနေပြီး စစ်သင်တန်းထဲပို့ဆောင်နေပြီး စစ်ထဲအပို့မခံရအောင် မိသားစုဝင်များက ကျပ်ငွေသိန်း ၁၀၀ ဖြင့် ပြန်ရွေးနေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့ထဲက ဗိုလ်ချုပ်လမ်းမပေါ်နှင့် လမ်းကြိုလမ်းကြားများတွင် ဆိုင်ကယ်တစ်စီးအား အမျိုးသား ၂ ဦးမောင်းနှင်သူများကို အဓိကထား ဖမ်းဆီးလေ့ရှိပြီး ထိုကဲ့သို့ဖမ်းဆီးပြီးနောက် စစ်သင်တန်းထဲ အတင်းအဓမ္မပို့ဆောင် လေ့ရှိသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။
ထိုသို့အဖမ်းခံရသောလူငယ်များကို ကလေးမြို့မြောက်ပိုင်း၊ စခန်းကြီးရွာ၊ ကလေးမြို့ထောင်အနီးရှိ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်လေ့ရှိပြီး စစ်သင်တန်းထဲအပို့မခံရအောင် မိသားစုများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးထုတ်ရသည်ဟု ယင်းအခြေအနေကို သိရှိသူတစ်ဦးကပြောသည်။
မကြာသေးခင်ရက်ပိုင်းကလည်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်ထဲက လမ်းကြားထဲမှာ ဆိုင်ကယ်တစ်စီးပေါ် အမျိုသား ၂ ဦးလိုက်ပါမောင်းနှင်သည်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနောက် မိသားစုဝင်များက သိန်းတစ်ရာစီဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။
“ချမ်းမြေ့အောင်စည်ရပ်ကွက်ဆိုရင်ပိုဆိုးတယ် ပင်လုံလမ်းမကြီးပေါ်မဟုတ်ပဲနဲ့ အတွင်းတလမ်းမှာ စီးနေတာ လှည့်နေတဲ့သူတွေနဲ့တွေ့ပြီးဖမ်းသွားတာ။ အခုနောက်ပိုင်းက ဖမ်းတာက နိုင်ငံရေးပုဒ်မကြောင့် ဖမ်းတာမဟုတ်ဘူး ယောကျာ်းလေး နှစ်ယောက်စီးရင် ဖမ်းတာ တခါတည်း စစ်မူထမ်းဖို့ ထည့်လိုက်တော့တာ၊ ပထမတော့ ရွေးလို့မရဘူးကြားတာ နောက်နေ့မနက်တော့ တယောက်ကို သိန်း (၁၀၀) စီပေးရတာ” ဟု ၎င်းကပြောသည်။
အောက်တိုဘာလ (၁၆) ရက်နေ့ကလည်း ကလေးမြို့လမ်းဆုံအနီးတွင် ဆိုင်ကယ်တစ်စီးပေါ် အမျိုးသားနှစ်ဦး မောင်းနှင်လာသည်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ယင်းလူငယ်နှစ်ဦးအား စစ်မှုထမ်းရန် လေ့ကျင့်ရေးစခန်းသို့ မပို့မီ အသက်မပြည့်သေးသည့် လူငယ်များဖြစ်ကြောင်း မိဘများက အိမ်ထောင်စုဇယားဖြင့် လိုက်လံရွေးထုတ်ခဲ့ရကြောင်း မြို့ခံတဦးကပြောသည်။
လက်ရှိတွင် ကလေးမြို့နယ်၌ စစ်မှုထမ်းအပတ်စဥ် (၆) အတွက် စစ်ကောင်စီက သင်တန်းပေးနေပြီး အပတ်စဥ် (၇) တွင် အမျိုးသမီးများပါဝင်ရမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။