(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအတွက် လူငယ်များအား ဖမ်းဆီးမှု ပြုလုပ်နေ သောကြောင့် ပြည်သူများ လုံခြုံရေး အထူးဂရုစိုက်ရန်လိုအပ်သည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက မေလ (၃) ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။
ကလေးမြို့ပေါ်ရှိ မင်းကြီး ဟိုတယ်အရှေ့၊ စည်ပင်ရုံးရှေ့၊ စမ်းမြို့ဘုန်းကြီးကျောင်းနှင့် KBZ ဘဏ် (၂) ရှေ့၊ ဘုရင့်နောင်လမ်းမကြီး၊ မြို့တော် ခန်းမ ရှေ့၊ ပင်လုံလမ်းမတော် ဆိပ်ကမ်းသာထိပ်နှင့် သူနာပြုကျောင်းရှေ့၊ လျှပ်စစ်ရုံးအနီးနှင့် ခရိုင်စုပေါင်းရုံး အနီးတစ်ဝိုက်တွင် မော်တော် ယာဉ်များအား စစ်ဆေးခြင်း၊ ဖမ်းဆီး ခြင်းနှင့် ငွေကြေးတောင်းခံခြင်းများပြုလုပ်နေသည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတိ ပေးထုတ်ပြန်သည်။
ကလေးမြို့ပေါ်တွင် လူစီကားသည့် နေရာများအပြင် ရပ်ကွက်အတွင်းထိ အိမ်စီးကားများဖြင့် လှည့်လည်ကာ ဖမ်းဆီးမှုများလည်း နေ့စဉ်တွေ့လာရကြောင်း မြို့လှရပ် ကွက်က အမျိုးသမီး တစ်ဦးကပြောသည်။
“တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်လောက် သူတို့(စကစ) က ရပ်ကွက်ထဲကို ကားအဖြူနဲ့ လာပတ်ကြတယ်။ ပြီးခဲ့တဲ့ ရက်တွေ ဆိုရင် ကိုယ်ပိုင် ကျောင်းအနောက်ကျောဖက်မှာ ဖမ်းသွားတာရှိတယ်လို့ကြားရတယ်။ နေ့တိုင်း ဖမ်းခံရ တဲ့သတင်းတွေ ကြားနေရတော့ ကလေးတွေကို အိမ်ပြင်မထွက်ဖို့ အမြဲမှာနေရတယ်။ သူတို့အတွက် အမြဲစိတ်ပူနေရတယ်။” ဟု အမျိုးသမီးက ပြော သည်။
ပြည်သူများအနေဖြင့် အိမ်ပြင်သို့မထွက်ခွာမီ မြေပြင်သတင်းများအား လူမှုကွန်ရက်နှင့် နီးစပ်ရာ မိတ်ဆွေများထံမှ အချိန်နှင့်တစ်ပြေးညီ စုံစမ်းပြီးမှ ထွက်ရန်၊ မြို့တွင်းအခြေအနေများ မတည်ငြိမ်ချိန်တွင် အရေးကြီးကိစ္စမရှိလျှင် မလိုအပ်ဘဲ အပြင်ထွက်ခြင်းအားရှောင်ကြဉ်ရန် နှင့် စစ်ဆေးရေးဂိတ်များရှိသော လမ်းမကြီးများအား တတ်နိုင်သမျှ ရှောင်ကွင်းကာ ဘေးကင်းသည့် လမ်းများအား သွားလာအသုံးပြုကြရန် တိုက်တွန်းထားပါသည်။
အာဏာသိမ်းစစ်တပ်သည် “စုံ/မ” စနစ် ဖြင့် မော်တော်ယာဉ်များ စစ်ဆေးဖမ်း ဆီးမှုများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် မိမိယာဉ်၏ နံပါတ်ပြားသည် သတ်မှတ်ထားသောနေ့ နှင့် ကိုက်ညီမှု ရှိ/မရှိ အား သေချာစွာ စစ်ဆေးပြီးမှသာ ထွက်ခွာကြရန် အသိပေးဖော်ပြထားသည်။

