(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ယနေ့ ဧပြီလ (၂၀) ရက်နေ့ကစ၍ သောက်သုံးရေသန့်ဈေးနှုန်းများ ထပ်မံမြင့်တက်သွားကြောင်း သိရသည်။
သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် ကုန်ဈေး နှုန်းများ မြင့်တက်နေခြင်းကြောင့် သောက်ရေသန့်များလည်း ဈေးနှုန်းတိုးမြင့်ရောင်းချရန် ဧပြီလ (၁၀) ရက်နေ့က ကလေးမြို့အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လအတွင်း သောက်ရေသန့် (၂၀) လီတာ ဗူးကြီး တစ်ဗူးလျှင် လက်လီ (၂၀၀၀) ကျပ်နှင့် လက်ကား (၁၇၀၀) ကျပ်ဖြင့်ရောင်းချပေးခဲ့သော်လည်း လက်ရှိတွင် သောက်ရေသန့် (၂၀) လီတာ ဗူးကြီး တစ်ဗူးလျှင် လက်လီ (၃၀၀၀) ကျပ်နှင့် လက်ကား (၂၇၀၀) ကျပ်ဖြင့် ယနေ့မှစ၍ ရောင်း ချသွား မည်ဖြစ်ကြောင်း သိရသည်။
ကလေးမြို့ဒေသခံတဦးက “ တဗူး နှစ်ထောင်တောင် လွယ်တာမဟုတ်ဘူး။ ရေတွေက ဈေးပဲတက်ခိုင်းတာမဟုတ်ပဲ အရေအသွေးလဲ ထိန်းရင်ကောင်းမှာ သောက်ရေတွေက အခုနောက်ပိုင်း သောက်လို့မကောင်းလာတော့ဘူး ထုံးလိုလို အနံတွေလည်းဖြစ်လာတယ်။” ဟု ပြောသည်။
လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ မြနဒီ၊ Wesley၊ Happy time နန်ခိုင်၊ နန်းထိုက်စံ၊ Carmel၊ ကျန်းမာချမ်းသာ၊ 7 Star၊ Morning Star Aguo၊ MST၊ ရွှေကလေး၊ B2၊ Golden Actor၊ မျိုး၊ Spring စသည့် ရေသန့်ကုမ္ပဏီများက ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါကုမ္ပဏီများသည် ကလေးမြို့အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများတွင် ကားဖြင့်လှည့်လည်ကာ အိမ်တိုင်ရာ ရောက်ရေသန့်ဗူးများဖြန့်ဝေပေးကြပြီး ယခင်က သောက်ရေသန့် (၂၀) လီတာဗူးကြီး တစ် ဗူးလျင် (၁၅၀၀) ကျပ်ဖြင့် လှဲပေးလေ့ရှိသည်။
သောက်ရေသန့်ဗူးအသစ် ဝယ်ယူအသုံးပြုမည်ဆိုပါက (၂၀) လီတာ တစ်ဗူးလျှင် ယခင်က ငွေကျပ် (၅,၀၀၀) ခန့်ရှိသော်လည်း လက်ရှိတွင် ငွေကျပ် (၁၀,၀၀၀) ကျော်အထိ မြင့်တက်လာသည်ဟု သိရသည်။

