(002MG)
စစ်ရေးအခြေအနေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာကြသော ခမ်းပတ်၊ ကနန်ဘက်ဘက် ကပြည်သူများသည် ယခုရက်ပိုင်းအတွင်း ဖျားနာသူများပြီး အကူအညီများလိုအပ်နေကြသည်ဟု စစ်ဘေးရှောင်များ ကူညီကယ် ဆယ်ရေးနှင့် စောင့်ရှောက်ရေးကော်မတီထံမှသိရသည်။
ပြီးခဲ့သည့် ဇွန်လ (၇) ရက်ကစ၍ အာဏာသိမ်းစစ်တပ်က ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ် ဆင်ခဲ့သောကြောင့် ခမ်းပတ်မြို့အပါအဝင် အနီးအနားကျေးရွာ (၅၀) နီးပါးကပြည်သူများသည် အိန္ဒိယနယ်စပ်ဘက်နှင့် ကလေးမြို့ဒေသဘက်ကို စစ်ဘေးတိမ်းရှောင်နေကြသည်မှာ တစ်လကျော်ရှိလာပြီဖြစ်သည်။
မိုးတွင်းကာလရောက်လာသည်နှင့်အမျှ ရာသီဥတုအပြောင်းအလဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ ဖျားနာသူအ များအပြားရှိနေပြီး တပူပေါ်နှစ်ပူဆင့်ဆိုသလို အခက်အခဲများရင်ဆိုင်နေကြရသည်ဟု ခမ်းပတ်စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့်စောင့်ရှောက်ရေးတာဝန်ရှိသူတစ်ဦးကပြောသည်။
“အခု စစ် ဘေးရှောင်တွေက မိုးရာသီလည်းရောက်တော့ နေမကောင်းဖြစ်တဲ့သူတော်တော် လေးကို များတယ်၊ ကျွန် တော် သိသလောက်တောင်မှ ဆေးရုံတက်တဲ့သူတွေများတယ်၊ နောက်ပြီး ဆေး ခန်းပြတဲ့ သူတွေ ထားလိုက်အုံး ပြည်သူ့ဆေးရုံ၊ ဝယ်စလီတွေမှာ ဆေးရုံအိပ်တဲ့သူတွေက ၁၀ ယောက် ကျော်တယ်။ ခမ်းပတ်က နည်းနည်း တောင် ပေါ်နဲ့နီးတော့ အေးတယ်၊ ဒီကလေးမြို့ထက်တော့ ရာသီဥ တုက အရမ်း ကွာတယ်။ ရာသီဥတု မတည့်တာ လည်းရှိကောင်းရှိမယ် ၊မိုးတွင်းလည်းရောက်တော့ နေမကောင်းတဲ့သူ တွေများတယ် ဆေးဝါးတွေလိုတယ်။” ဟု ၎င်းကပြောသည်။
ခမ်းပတ်စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး ကော် မတီအဖွဲ့၏ စာရင်းအရ ကလေးမြို့ ပေါ်မှာ ခမ်းပတ်ဘက်ကစစ်ဘေးရှောင် အိမ်ထောင်စု (၁၃၀) ခန့်နှင့် လူဦးရေ (၄၆၀) ဝန်းကျင်သာ စာရင်းရရှိထားသော်လည်း မြို့ပေါ်တွင် ယခုထက် စစ်ဘေးရှောင်လူဦးရေ ပိုများသည်ဟု သိရသည်။
စစ်ဘေးရှောင်အများစုသည် အသင်းတော်များမှစီစဉ်ပေးသည့်နေရာတွင်နေထိုင်သူများရှိသကဲ့သို့၊ ဆွေမျိုးထံ နှင့် အိမ်ငှါး နေထိုင်ကြသူများလည်းရှိသည်ဟု သိရသည်။
ကလေးမြို့ပေါ်မှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အိမ်ငှားရမ်းခ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်များ သည် စားဝတ်နေရေးအခက်အခဲနှင့် နေထိုင်ရေးအခက်အခဲများကြုံ တွေ့နေကြရကြောင်းသိရသည်။
“စားဝတ်နေရေး နဲ့ ခြင်ထောင်က အဓိကပြဿနာဖြစ်မယ်။ အသင်းတော်ဖက်ကနေတော့ ပံ့ပိုးတာ တော့ ရှိတယ်။ စားဝတ်နေရေးအတွက် ဆန်ဝယ်ဖို့၊ ဟင်းသီးဟင်းရွက်ဝယ်ဖို့ အဲ့လောက်ထိတော့ မပံ့ပိုးနိုင်ဘူး။ အိမ်ငှားခတွေက အိမ်ပေါ်မှာ မူတည်တယ် ၃ သိန်းနဲ့ ငှားတာ ရှိတယ် အစားစားပေါ့။ အိမ်ငှားဖို့ ခက်တဲ့သူတွေက ၃၊၄ မိသားစုလောက် စုပေါင်းပြီး ငှားကြတယ်။” ဟု စစ်ဘေးရှောင်ကူညီရေးတာဝန်ခံကပြောသည်။
အလားတူ အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေကြသော စစ်ဘေးရှောင်များလည်း မိုးတွင်းကာလ ရောက်လာသည့် အတွက် အမိုးအကာ၊ ခြင်ထောင်၊ ဆေးဝါး နှင့် အစားအသောက်များလည်း အကူအညီလိုအပ်နေကြကြောင်းသိရသည်။
အိန္ဒိယ-မြန်မာ အမှတ် ၁ နယ်စပ်ကုန်သွယ်ရေး ကလေး – တမူးလမ်းမပေါ်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် ထား သော ခမ်းပတ်မြို့ နဲ့ ကနန်ကျေးရွာတို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ထားသော်လည်း မြေပြင်မှာ တိုက်ပွဲများဆက်ရှိနေဆဲဟုသိရသည်။

