(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၁၁) တွင်နေထိုင်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက် နိုဝင်ဘာ (၁၆) ရက်နေ့ညက အရက်ဆိုင်မှာ ဓါးခုတ်ခံရပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု သိရသည်။
ကလေးမြို့ခံ တဦးက “သူက ရန်ဖြစ်တဲ့သူတွေကို ဝင်ပြောရင်းနဲ့ ဓါးထိုးသတ်ခံရတာ အုပ်ချုပ်ရေးမှူး လုပ်တာကြာပြီ ၊ဟိုးအရင်ကဆိုရင် သူတို့အိမ်ရှေ့မှာတောင် ဆန္ဒပြကြတယ်။ ပြီးခဲတဲ့နှစ်မှာတောင် နှစ်ကြိမ်အရိုက်ခံရဖူးပြီးပြီ အခုကတော့ သေအောင်လုပ်တာ” ဟု ပြောသည်။
သေဆုံးသွားသည့် အောင်သစ္စာရပ်ကွက်ချုပ်ရေးမူးမှာ အသက် (၆၃) နှစ်အရွယ် ဦးသန်းဌေးဖြစ်ပြီး အောင်သစ္စာ ရပ်ကွက် နယ်မြေ (၄) ရပ်ကွက် အရက်ဆိုင်တွင် သီချင်းဖွင့်၊ ဆူညံသံများ မပြုလုပ်ရန် ဝင်ပြောရာမှ စကားများကာ အရက်ဆိုင်ထဲကလူတစ်ဦးက ဓါးဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးသန်းဌေးသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေကာ အောင်သစ္စာရပ် ကွက်အတွင်းရှိ ပြည်သူများအား ဖမ်းဆီး ခြင်းငွေညှစ်ခြင်း၊ လူငယ်များအား စစ်မှုထမ်းရန်အတွက် နာမည်စာရင်းများ ကောက်ယူခြင်းများလည်း ပြုလုပ်နေသူ ဖြစ်သည်ဟုလည်း သိရသည်။