(004SS)
စစ်ရေးအခြေအနေကြောင့် ကလေးမြို့ဘက်သို့ စစ်ဘေးရှောင်နေကြသည့် ဖလမ်းမြို့ဒေသခံပြည်သူများနှင့် ဝန်ထမ်း မိသား စုဝင်အချို့သည် Falam Pawlpi Falam ၏ စီစဉ်ပေးမှုဖြင့် ယနေ့ မေလ ၂၀ ရက် မနက်ပိုင်းတွင် ကားအစီး ၂၀ ခန့်ဖြင့် ဖလမ်းမြို့သို့ ပြန်သွားကြသည်ဟုသိရသည်။
“ဒီနေ့ ဖလမ်းစစ်ရှောင်တွေ နေရပ်ပြန်ကြတယ်။ သိုင်းငဲန်းလမ်းအတိုင်း ပြန်ကြတာပါ။ မော်တော်ကား အစီး ၂၀ လောက် ရှိမယ်။ ဘယ်လောက်အထိ များမလဲဆိုတာတော့ အတိအကျ သေချာမသိရသေးဘူး။ ၁၂ ဘီးကား၊ ၁၀ ဘီးကားတွေ၊ Forland ကားတွေနဲ့ နေရပ်ပြန်လာကြတယ်” ဟု ဖလမ်းမြို့ဒေသခံတစ်ဦးကပြောသည်။
နေရပ်ပြန်သူများသည် မော်တော်ယာဉ်များအပြင် ဆိုင်ကယ်ကိုယ်စီဖြင့်လည်း အစုအဖွဲ့လိုက်ဖြင့် ဖလမ်းမြို့သို့ပြန်သွားကြ သည်ဟု သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ပြီးနောက် တစ်လခန့်အကြာမှာ ဒုတိယသုတ်အနေဖြင့် စစ်ဘေးရှောင်များနေရပ်ပြန်ကြခြင်းဖြစ်ဟုသိရသည်။ နေရပ်ပြန်ရန်အခက်အခဲရှိသူများကို Falam Pawlp အဖွဲ့အစည်းမှ နိုင်ငံတကာရောက် ချင်းလူမျိုးများထံ အလှူငွေတောင်းခံပြီးနောက် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု သိရသည်။
ယခင်ပထမသုတ်တွင် ကလေးမြို့ဘက်သို့ ရောက်ရှိနေသည့် Non-CDM ဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်က ဖလမ်းမြို့သို့ ဧပြီလကုန်းပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန်ရေးနှင့် ပတ်သက်၍ လက်ရှိကျောင်းဖွင့်ချိန် ရောက်ရှိလာခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျမည့် စရိတ်များရှိခြင်းနှင့် အဖွဲ့အစည်းက စီစဉ်ပေးသည့် အစီအစဉ်တွင်လည်း အကန့်အသတ်ရှိခြင်းတို့ကြောင့် လတ်တလော ဖလမ်းမြို့သို့ မပြန်ဖြစ်သေးသူများလည်းရှိနေသည်။
ယခု နေရပ်ပြန်သူများထဲတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်ရာ ဒေသခံအများစု လိုက်ပါလာကြောင်း သိရသည်။

