(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေနတ်ဒဏ်ရာနှင့် နှိပ်စက်ခံထားရသော ဒဏ်ရာများဖြင့် ယမန်နေ့က သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူမှာ အသက် ၄၃ နှစ်အရွယ် ကိုမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းတွင် သူနေထိုင်ရာ အောင် ဇေယျရပ်ကွက်မှ မိခင်ဖြစ်သူနေထိုင်သည့် မြို့လှရပ်ကွက်သို့ သွားရာလမ်းတွင် စစ်ကော်မရှင်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ကလေးမြို့ခံတစ်ဦးက “ရွေးကောက်ပွဲလုပ်တဲ့ညဦးပိုင်း အဲ့အချိန်မှာ မြို့လှဂိတ်မှာစောင့်တဲ့ စစ်ကောင်စီတပ်သားတွေက ဖဲရိုက်တာ ဖဲရှုံးလို့ အကြံဖန်လုပ်ဖို့အတွက် လိုက်ရှာရင်းနဲ့ သူတို့ကိုတွေ့တော့ ဖမ်းထားတာ လက်ပြန်ကြိုးတုပ်ပြီးတော့ဖမ်းတော့ ခနနေတော့ သူက ထွက်ပြေးတာ ပစ်လိုက်တာ သေနတ်မှန်တဲ့ဒဏ်ရာနဲ့ တညလုံး ဒီအတိုင်းထားတော့ မနက်ကြတော့ သေတာ၊ အလောင်း ကိုဖျောက်ဖို့လုပ်တော့ မြို့လှက သူရဲ့အမျိုးတွေကနေ အိမ်ကို အကြောင်းကြားတော့ သူ့မိသားစု တွေကလိုက်သွားတာ၊ သူ့မျက်နှာမှာ သေနတ်ဒင်းနဲ့ရိုက်ထားတဲ့ သေနတ် ဒဏ်ရာတွေလဲရှိတယ်၊ နှိပ်စက်ထားတာပေါ့။ အဓိက သေတာကတော့ ဆေးမကုပဲ တညလုံးပစ်ထားလို့ သွေးထွက်လွန်ပြီး သေတာ” ဟုပြောသည်။
ကိုမောင်ကြီး၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
ကလေးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားသည့် အရပ်သား ပြည်သူအနည်းဆုံး ၅ ယောက်ခန့်ရှိသွားပြီဟုသိရသည်။
လက်ရှိတွင်လည်း ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုပြုလုပ်လာခြင်းကြောင့် နေ့ခင်းဘက်အချိန်များတွင်လည်း အပြင်ထွက်ရန် စိုးရိမ်နေကြရသည်ဟု သိရသည်။
ကလေးမြို့ခံအမျိုးသမီးက “ဒီနေ့ အပြင်သွားရင်းတွေ့ခဲ့တာ တောင်ဖီလာလမ်းဖက်နားမှာ စစ်သားတွေက လူငယ်တစ်ယောက်ကို ဖမ်းခေါ်သွားတာ၊ သနားလိုက်တာ။ နေ့တိုင်း (၁၀) ယောက်နဲ့အထက်ကို ဖမ်းဆီးခံနေရတာ အခုဆိုရင် အရင်ထက်ကို ပိုတောင်း ကြမ်းလာကြတာ။ အလုပ်သွားတဲ့အိမ်က မောင်တွေအတွက် အမြဲစိတ်ပူနေရတယ်” ဟု ပြောသည်။

