(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူသုံးများသည့် MPT ဖုန်းလိုင်းများ ရက်ရှည်ကြာပြတ်တောက်နေမှုကြောင့် MPT ဆင်းကတ်ဖြင့် K pay အကောင့်ဖွင့် ထားသူများ အကောင့်ထဲပြန်ဝင်မရဖြစ်ကာ ငွေလွှဲ၊ ငွေထုတ်မရ၍ အခက်အခဲများကြုံတွေ့ နေကြရ သည်ဟု သိရသည်။
”တော်တော်များများက MPT နံပါတ်နဲ့ ဖွင့်ထားကြတာ အခု MPT က Sim ရော Wifi လိုင်းတွေလုံးဝပျောက်နေတာ ရက် (၂၀) ကျော်ရှိလာပြီ။ အဲ့လိုဆိုတော့ K Pay အကောင့်တွေက ထွက်ကုန် ကြတာ။ တော်တော်များများက K Pay တွေကို နံပါတ်တွေချိန်းကုန်ကြ၊ ဘဏ်တွေပြန်သွားကြလုပ်နေကြတာ တော်တော်လေး ကို ခက်ခဲဖြစ်ကြတာ။ MPT ဘာကြောင့်ပျက်နေလဲဆိုတာမသိရဘူး” ဟု ကလေးမြို့က Kpay အကောင့်အသုံးပြုသူအမျိုုးသားတဦးက ပြောသည်။
လက်ရှိတွင် MPT လိုင်းသည် စစ်ကိုင်တိုင်း၊ ရေဦးမြို့အနီးတွင် လိုင်းပြတ်တောက်ခြင်းဖြစ်ပေါ်နေသောကြောင့် ရေးဦးမြို့နယ်နှင့် ကလေးမြို့နယ်တို့ တွင် 3G/ 4G အင်တာနက်ယာယီပိတ်ထားပါကြောင်းနှင့် လတ်တလောဖြစ် ပေါ်နေသည့် အခြေအနေများအရ ဖုန်းလိုင်းအင်တာနက်လိုင်းများ အဆင်မပြေမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဌာနမှ ပြန်လည်ကောင်းမွန်ရန် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း MPT Myanmar Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။
ထို့ကြောင့် ကလေးမြို့ပေါ်တွင် MPT Sim ကဒ်ဖြင့် K pay အကောင့်ဖွင့်အသုံးပြုသူ ပြည်သူများအပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ K pay ဝန်ဆောင်မှုဖြင့် ငွေလွဲ၊ ငွေသွင်း အသုံးပြုမှုအခက်အခဲများ ကြုံတွေ့နေ ကြရခြင်းဖြစ်သည်။
“အခု ကျမရဲ့ Kpay အကောင့်ဆိုရင် ထွက်သွားတယ် ပြန်ဝင်လို့မရတော့ဘူး MPT လိုင်းပြတ်နေတော့ အကောင့်ထဲ ပြန်ဝင်နိုင်မယ့် Password က မချနိုင်တော့ဘူး အဲဒါကြောင့် ဖွင့်လို့မရတော့ဘူး အွန်လိုင်းကနေ ငွေပေးချမယ်ဆိုလည်း လွဲလို့မရတော့ဘူး ရှိပြီးသားပိုက်ဆံတွေလည်းထုတ်လို့မရဘူး” ဟု အွန်လိုင်းအရောင်းဝယ်လုပ်ကိုင်နေသူ အမျိုးတစ်ဦးကပြောသည်။
MPT မဟုတ်သော အခြား ဖုန်းဆင်းကတ်များဖြင့် ဖွင့်ထားသော Kpay အကောင့်များမှာမူ အသုံးပြု၍ရသည်ဟု သိရသည်။
MPT ဆင်းကတ်ဖြင့် Kpay ဖွင့်ထားသူများသည် အခြား ဖုန်းနံပါတ်ပြောင်းရန် ကလေးမြို့ ကမ္ဘောဇဘဏ် (KBZ) တွင် သွားရောက်ကြသော်လည်း ယခုလတ်တလောတွင် မည်သည့်ဝန်ဆောင်မှုမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ကလေးမြို့ ဘဏ်တွင် Kpay နံပါတ်ချိန်းရန် ကိုယ်တိုင်လုပ်ခဲ့သူ အမျိုးသမီးတဦးကပြောသည်။
“ကျမဆိုရင် ဘဏ်ကို သုံးခေါက်တောင်သွားတယ်။ MPT နဲ့ဖွင့်ထားတဲ့ Kpay က အကောင့်ထွက်သွားတာ။ တော်တော်များများလည်းအဲ့လိုဖြစ်ကြတယ်။ဘဏ်က ဝန်ထမ်းပြောတာက ရုံးချုပ်ဖက်က နှစ်ချုပ်လုပ်တဲ့အပြင် အခု ငလျင်ဖြစ်တဲ့နေရာတွေကို ပိုအာရုံစိုက်နေသေးလို့ ဖုန်းနံပါတ်ချိန်းတာ၊ Kpay ဝန်ဆောင်မှုနဲ့ပက်သက်ပြီး ဘာမှမရသေးဘူး ဒီလကုန်အထိ စောင့်ရမယ်၊ အဲ့အချိန်မှအဆင်ပြေမယ်ဆိုပြီးပြောလို့ ဒီတိုင်းပြန်လာခဲရတယ်” ဟု သူကပြောသည်။
ဧပြီလ ၆ ရက်နေ့တွင် ဆက်သွယ်ရေးဖုန်းလိုင်းများဖြစ်သည့် Mytel၊ Ooredoo၊ ATOM အပါအဝင် MPT ဖုန်းလိုင်း၊ အင်တာနက်၊ Wifi လိုင်းများ ပြတ်တောက်ခဲ့သည်ဟု သိရကာ လက်ရှိတွင် Mytel နှင့် Ooredoo ဖုန်းလိုင်း ရရှိသော်လည်း ယခုရက်ပိုင်းအတွင်း မကြာခဏ ပြတ်တောက်မှုများရှိလာသောကြောင့် ဆက်သွယ်ရေးများ ခက်ခဲလာသည်ဟု သိရသည်။