(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ဆန်အပါအဝင် ရိက္ခာများသယ်ယူပို့ဆောင်ခွင့်ကို စစ်ကောင်စီက တားဆီးပိတ်ပင်ထားသည်မှာ တစ်ပတ်ခန့်ရှိလာသည်ဟု သိရသည်။
ပြီးခဲ့သည့်ဩဂုတ်လ ၂၀ ရက်နေ့ကစ၍ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ ၈ မိုင်စစ်ဆေးရေးဂိတ်ကနေ သယ်ယူပို့ဆောင်ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ဖလမ်းဖက်မှာ ဆန်တွေမဝင်တော့ဘူး၊ ကလေးကနေ ပြန်လာတဲ့သူတွေရှိရင်တောင် ဆန်တွေသယ်လို့မရတော့ဘူး၊ ပြီးတော့ ကားကြီးတွေလုံးဝထွက်ခွင့်မပေးတော့ဘူးစကစဖက်က။ အိမ်စီးကား၊ကားလေး ကိုယ်ပိုင် ကားတွေတောင်မှ ဆန်တအိတ်လောက် လေးတင်တာမှာ သူတို့ချခိုင်းတာမတင်ခိုင်းတော့ဘူး အဲ့လိုဖြစ်သွားတာ” ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။
၈ မိုင်စစ်ဆေးဂိတ်မှာတာဝန်ကြသော စစ်ကောင်စီတပ်ဖွဲ့က ဆန်နှင့် စားသုံးကုန်အပြင် အိမ်ဆောက်ပစ္စည်း၊ ဘိလပ်မြေ လျှပ်စစ်ပစ္စည်းများကိုပါ ပိတ်ပင်ထားပြီး ဆေးဝါးများကိုလည်း ကုမ္ပဏီထောက်ခံချက်ပါရှိမှသာလျှင် သယ်ယူခွင့်ပြုသည်ဟု သိရသည်။
ကလေးမြို့မှ ချင်းပြည်နယ်ဖက်သို့ ခရီးသည်တင်ကားများ ပုံမှန်ပြေးဆွဲနေသော်လည်း စစ်ကောင်စီက ကုန်ပစ္စည်း တင်ဆောင်ခွင့် ကန့်သတ်လိုက်ခြင်းကြောင့် တန်ဆာခလည်း မြင့်လာသည်ဟု ကလေး-ရိ ယာဉ်လိုင်းပြေးဆွဲနေသော ယာဉ်မောင်းတစ်ဦးကပြောသည်။
“ဆန်တွေက ဒီတိုင်းတင်လို့မရဘူး၊ ဖွက်ပြီးတော့တင်ရတယ်၊ ကလေးကနေ ချောင်းအထိကို တအိတ်ကို (၆) သောင်းယူတယ်၊ ဘာပစ္စည်းဖြစ်ဖြစ်သယ်လို့ရတဲ့ပစ္စည်းတွေရှိတယ် ဒါပေမယ့် ခက်တဲ့ဟာတွေဆိုရင် တန်ဆာ ခကများတယ်” ဟု သူကပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းဒေသသည် ကလေးမြို့မှ ဆန်နှင့် အခြေခံစားသုံးကုန်များကို အဓိကမှီခိုအားထားနေရသည့်အတွက် ယခုကဲ့သို့ကန့်သတ်မှုရှိလာသည့်နောက်ပိုင်း ကုန်ဈေးနှုန်းများလည်း တရိပ်ရိပ်တက်လာ နေကြောင်းသိရသည်။