(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားများ၏ မူလလူ့အခွင့်အရေးရပိုင်ခွင့်ဆုံးရှုံးနေမှု၊ လာဘ်ပေး လာဘ်ယူမှု၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေသည့် တာဝန်ရှိသူများကို အမြန်ဆုံး စုံစမ်းအရေးယူပေးရန် ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယနေ့အောက်တိုဘာလ (၂၁) ရက်နေ့တွင် တောင်းဆိုလိုက်သည်။
ကလေးမြို့၊ မော်လိုက်ကလေးအကျဉ်းထောင်အတွင်း၌ စနစ်တကျ အာဟာရပြတ်လပ်စေခြင်း၊ ဆေးဝါးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်းနှင့် အကျဉ်းထောင်အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှုများကြောင့် အကျဉ်းသားများ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနေရသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ကလေးမြို့အကျဉ်းထောင်တွင် လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆) လ ကျခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal Khan (ခ) Busket သည် အာဟာရပြတ်လပ်ကာ နှစ်လကျော်ကြာ ကျန်းမာရေး ဆိုးရွားစွာ ခံစားခဲ့ရသော်လည်း အကျဉ်းထောင်အာဏာပိုင်များက အစားထိုးဖြည့်စွက်စာနှင့် သင့်တော်သည့် ဆေးဝါးကုသခွင့် မပေးခဲ့သည့်အပြင် ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသခွင့်ကိုပါ ငြင်းပယ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။
ကလေးမြို့အကျဉ်းထောင်တွင် မိသားစုနှင့် အဆက်အသွယ်မရရှိသည့် အကျဉ်းသား/သူများသည် ထောင်မှပေးသော ပဲအနှစ်ကျဲ၊ ကန်စွန်းရွက်ပြုတ်ရည်ကျဲနှင့် ရိက္ခာမလုံလောက်မှုများကြောင့် အာဟာရပြတ်လပ်သည့် ရောဂါများကို ဆိုးရွားစွာ ခံစားနေကြရသည်ဟုဆိုသည်။
ထို့အပြင် အိပ်ဆောင် (၃) တာဝန်ခံ ဗိုလ်ကြီးကျော်ထက်ဦး အပါအဝင် အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှု၊ အကျဉ်းသားများအပေါ် ဖိနှိပ်မှုနှင့် ရိုက်နှက်မှုများ အဆမတန် မြင့်တက်လျက်ရှိသည်ဟု သိရသည်။
ထောင်တွင်း၌ လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေး အထောက်အကူများ မရှိဘဲ ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသရန် တင်ပြရာတွင်လည်း အကျဉ်းထောင် ဆေးဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ထောင်အာဏာပိုင်များနှင့် ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်အချို့က ငွေကြေးအမြောက်အမြား လာဘ်ယူလျက်ရှိပြီး ငွေကြေးမတတ်နိုင်သူနှင့် မိသားစု အဆက်အသွယ်မရှိသူ အကျဉ်းသားများမှာ သင့်တော်သော ဆေးကုသခွင့် မရရှိဘဲ အသက်ဆုံးရှုံးနေကြရသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကပြောသည်။
ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်အတွင်း၌ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ အထိ အာဟာရပြတ်လပ်မှုနှင့် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရမှုတို့ကြောင့် သေဆုံးခဲ့ရသည့် အကျဉ်းသား စုစုပေါင်း (၇) ဦး အထိ ရှိလာပြီဟုဆိုသည်။
ထို့ကြောင့် အကျဉ်းသားများ၏ မူလလူ့အခွင့်အရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လုံလောက်သော အာဟာရ ရရှိပိုင်ခွင့်များကို အလေးထားလိုက်နာရန်နှင့် အကျဉ်းထောင်အတွင်း လာဘ်ပေးလာဘ်ယူမှု၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေသည့် တာဝန်ရှိသူများကို အမြန်ဆုံး စုံစမ်းအရေးယူပေးရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တောင်းဆိုထားသည်။

