(002MG)
စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ယနေ့လွတ်မြောက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ညနေပိုင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယနေ့မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အထိမ်း အမှတ်အနေဖြင့် စစ်ကော်မရှင်က နိုင်ငံ တဝန်းအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား တစ်သောင်းကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
ထိုအထဲတွင် ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား ၁၁၅ ဦးလွတ်မြောက်လာခဲ့ပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ၈၁ ဦး နှင့် နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ပြန်လွတ်မြောက်လာသူများထဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ချခံရသူများ၊ သပိတ်တွင်ပါဝင်သူများနှင့် ပရဟိသမားများ ပါဝင်သည်ဟုသိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ၏ ပြုစုထားသော စာရင်းအရ ယနေ့ လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် အကျဉ်းထောင် (၂၅) ခုမှ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၁၈၉၅) ဦး လွတ်မြောက်လာသည်ဟု ဖော်ပြထားသည်။

