(006SV)
အသက်မပြည့်သေးသော ကလေးနှင့် လူငယ်များကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမဆို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းများမှာ ပါဝင်စေခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခမှာ အသုံးပြုခြင်းကို ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေး စီဒီအမ်အဖွဲ့က ကြေညာသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ပညာရေးနှင့် လူမှုရေးအခြေအနေများအပေါ် ချင်းပြည်ပညာရေး CDM များ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ကြေညာချက်မှာ ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ကလေးသူငယ်များကို လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် လက်နက်ကိုင်အဖွဲ့များတွင် စုဆောင်းအသုံးပြုခြင်းသည် ကလေး သူငယ်အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများအတွက် ကြီးမားသော ချိုးဖောက်မှု ဖြစ်သည်ဟု UNICEF ကို ကိုးကား၍ ချင်းပြည်ပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်သည်။
“ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လုံခြုံရေး၊ ပညာသင်ယူခွင့်နှင့် အနာဂါတ်ဘဝအခွင့်အရေးများကို ကာကွယ်ပေးရန် တောင်းဆိုအပ်ပါသည်” ဟု ချင်းပြည်ပညာရေးစီဒီအမ်အဖွဲ့ ဆိုသည်။
CDM များ၏ လူမှုဘဝနှင့် စီးပွားရေး အခက်အခဲများကို ထည့်သွင်းစဉ်းစား၍ CDM များကို အခွန်အခနှင့် အခြားသက်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှ သင့်လျော်သော ကင်းလွတ်ခွင့်များ ပေးပါရန်လည်း ချင်းပြည်ပညာရေးစီဒီအမ် အဖွဲ့က တောင်းဆိုသည်။
CDM များ၏ သားသမီးများသည် မိဘများ၏ ရပ်တည်ချက်နှင့် ဆက်စပ်၍ အခွင့်အရေးများ ဆုံးရှုံးခြင်း သို့မဟုတ် အတင်းအဓမ္မ စစ်မှုထမ်းရခြင်း မဖြစ်ပေါ်စေရန် ကာကွယ်ပေးပြီး သက်ဆိုင်ရာ စည်းမျဉ်း၊ မူဝါဒများအရ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် သင့်လျော်သော ကာကွယ်မှုများ ပေးရန် ၎င်းတို့က တောင်းဆိုထားသည်။
စစ်တပ်၏ အစိုးရမှ အုပ်ချုပ်ရေး ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်နေသော ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းများနှင့် ပတ်သက်၍ ချင်းပြည်ပညာရေး CDM များက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
သို့သော် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့် ၊ လုံခြုံရေးနှင့် ပညာရေးအခွင့်အရေးများကို ထိခိုက်မှု မရှိစေရန် အလေးထား ဆောင်ရွက်ရန် ၎င်းတို့က တောင်းဆိုပြီး ပဋိပက္ခအခြေအနေများတွင် ကျောင်းများနှင့် ပညာရေး ဝန်ထမ်းများ လုံခြုံရေးသည် အရေးကြီးသည်ဟု ချင်းပြည်ပညာရေး CDM အဖွဲ့က ဆိုသည်။
ချင်းပြည်ပညာရေး CDM များသည် မိမိတို့၏ မူဝါဒ၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ထိန်းသိမ်းပြီး ပြည်သူလူထုနှင့်အတူ လက်တွဲ ပညာရေးနှင့် လူမှုရေးကဏ္ဍများတွင် တတ်နိုင်သမျှ ဆက်လက်ပူးပေါင်း ပါဝင်သွားမည်ဟု အသိပေးထားသည်။
မိမိတို့၏ ပူးပေါင်းပါဝင်မှုသည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အားလုံး ပါဝင်နိုင်သော ပညာ ရေးစနစ်တစ်ရပ်ဖော်ဆောင်ရေးကို အခြေခံ၍ ဆက်လက်တည်ရှိသွားမည်ဟု ထုတ်ပြန်သည်။
ချင်းလူမျိုးများကို စစ်တပ်သည် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ဖြစ်ပွားနေသကဲ့သို့ ဒေသတချို့တွင်လည်း ချင်းကာ ကွယ်ရေးတပ်ဖွဲ့များသည် စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးပြီး တပ်သားသစ် စုဆောင်းမှုများ ရှိနေသည်ဟု သိရသည်။

